နေပြည်တော် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့် အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံ ခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ကြပြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဆပ်ကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ ဒုတိယဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး Online မှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့်နိုင်ငံခြားသားများကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ လူသားချင်း စာနာထောက်ထားမှုတို့အပေါ် အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သည့် နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်း အခက်အ ခဲများကြုံတွေ့နေရသဖြင့် ရှာဖွေကူညီ ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား စုစုပေါင်း ၁၂၄၂ ဦးရှိပြီး ၎င်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကြီးကြပ်ရေး လုပ်ငန်းကော်မတီအဖွဲ့များနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များအကြား နိုင်ငံခြားသားများကို ရှာဖွေကူညီ ကယ်တင်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုရင်းနှီး ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


