နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်တွင်းပြည်ပ ခရီးသွားများ သွားလာနေထိုင်သည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင် ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်၊    မင်္ဂလာသီရိဟိုတယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာ အေးထွန်းက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏  ၂၀၂၃ ခုနှစ်အချက်အလက်များအရ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နာတာရှည် အဆုတ်နှင့် အသက်ရှုလမ်းကြောင်းရောဂါ၊ ကင်ဆာရောဂါ အစရှိသည့် Non Communicable Diseases ခေါ်သည့် မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ်လူဦးရေ (၄၁)သန်းကျော် သေဆုံးနေရပါကြောင်း၊ သေဆုံးမှုများသည် တစ်ကမ္ဘာ လုံးတွင် သေဆုံးမှုများအားလုံး၏ (၇၄)ရာခိုင်နှုန်းကျော်ရှိနေသည်ကိုတွေ့ရှိရပြီး အရွယ် မတိုင်မီသေဆုံးမှုများအားလုံး၏ (၈၀)ရာခိုင်နှုန်းကျော်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာများစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းနှင့် လေထု ညစ်ညမ်းခြင်းသည် မကူးစက်နိုင်သောရောဂါများဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်း များဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်၍ရသည့် အကြောင်းအရင်းများ ဖြစ်သည်ကိုလည်းတွေ့ ရှိရပါကြောင်း။

ကမ္ဘာ့တစ်ဝန်းတွင် ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုတစ်မျိုးတည်းကြောင့် နှစ်စဉ် လူဦးရေ(၈) သန်းကျော် သေဆုံးနေရပြီး အဆိုပါ(၈)သန်းကျော်ထဲမှ လူဦးရေ (၁ဒသမ၂) သန်းသည် ကိုယ်တိုင်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် မဟုတ်ဘဲ တခြားသူသောက်သုံး သည့် တစ်ဆင့်ခံဆေးလိပ်ငွေ့ (Second-hand smoke)ကြောင့် ရောဂါဖြစ်ပွားပြီး သေဆုံး နေရကြောင်းနှင့် အများစုသည် အမျိုးသမီးနှင့်ကလေးများဖြစ်နေကြောင်း၊ ဆေးလိပ်ဆေးရွက် ကြီးသုံးစွဲမှုကြောင့် သေဆုံးရမှုများသည် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံ များတွင် အများစုဖြစ်ပေါ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ (၂၀၁၄)ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လေ့လာဆန်းစစ်ခြင်း သုတေသနအရ မြန်မာ နိုင်ငံတွင် ဆေးလိပ်သောက်သုံးသူ (၂၆ဒသမ၁)ရာခိုင်နှုန်း ရှိသည် ကိုတွေ့ရှိရပါကြောင်း၊ ယခု (၂၀၂၄)ခုနှစ်တွင် အဆိုပါလေ့လာ ဆန်းစစ်ခြင်းသုတေသနကို ထပ်မံဆောင်ရွက်လျက်ရှိ ပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်တွင်းပြည်ပခရီးသွားများစွာ သွားလာနေထိုင်သည့် နေရာများတွင် ဆေးလိပ်ငွေ့ ကင်းစင်လုပ်ငန်းဆောင်ရွက်ရန်အတွက် တက်ရောက်လာကြသူများမှ ဆွေးနွေးသုံးသပ်ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပို့ဆောင် ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီတို့မှတာဝန်ရှိသူများ၊ Myanmar Hotelier Association၊ အရှေ့တောင်အာရှ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ် အဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်