ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၄ / ၂၀၂၄ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၇

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၄ /၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ  ဥက္ကဋ္ဌက ဗဟိုကော်မတီအနေနှင့် ပြည်ပကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန် / သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးကိစ္စများ၊ မြန်မာ-ထိုင်းနယ်စပ် (ရန်ကုန်-ကော့သောင်း-ရ‌နောင်း) ကမ်းရိုးတန်း ဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကိစ္စများ၊ ကွန်တိန်နာများ လွယ်ကူမြန်ဆန်စွာ ရှင်းလင်းထုတ်ပေးရေးနှင့်ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေး၊ စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးမှုကိစ္စများနှင့် တရားမဝင်စက်သုံးဆီများ ဖမ်းဆီးရမိမှု၊ စားသုံးဆီတင် သွင်း သိုလှောင်ဖြန့်ဖြူးမှုကိစ္စရပ်များနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်နေကြောင်း။

ပို့ကုန်တန်ဖိုးမှာ သွင်းကုန်တန်ဖိုးထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုတန်ဖိုး အရ ပိုငွေ (Trade Surplus) ရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့သော်လည်း CMP ပို့ကုန် ဆောင်ရွက်နိုင်မှုတွင် ကာလတူနှိုင်းယှဉ်ပါက လျော့နည်းသွားသည့်အတွက် ပို့ကုန်ပိုမို ဆောင် ရွက်နိုင်ရေးဌာနဆိုင်ရာများက ယခုထက်ပိုမို ပေါင်းစပ်ညှိနှိုင်းပေးစေလိုကြောင်း၊ ပြည်ပပို့ကုန် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီး ဌာနများနှင့် UMFCCI ၊ MRF တို့အပြင် ညီနောင်အသင်းအဖွဲ့များကပါ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပို့ကုန်အမယ်သစ်များတင်ပို့နိုင်ရေး ဈေးကွက်အသစ်များ ရှာဖွေနိုင်မှသာ ပြည်ပပို့ကုန်များ တိုးတက်တင်ပို့လာနိုင်ပြီး နိုင်ငံခြားသုံးငွေများ ပိုမိုဝင်ရောက် လာမည်ဖြစ်ကြောင်း။ 

နယ်စပ်ကုန်သွယ်မှုနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန်- ကော့သောင်း - ရနောင်း)နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သို့ ကွန်တိန်နာစနစ်ဖြင့် တင်ပို့/တင်သွင်းခြင်း အား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ရာ တင်ပို့မှုနှင့် တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ယာယီအပြည်ပြည်ဆိုင်ရာ ကုန်တင်/ကုန်ချဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ်၊ အောက် တိုဘာလအထိ တန်ဖိုးအမေရိကန်ဒေါ်လာ ( ၅၉ ဒသမ ၉၉၆ )သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ရေချိုငါးတင်ပို့နိုင်မှုအနေဖြင့် အောင်မင်္ဂလာဆိပ်ကမ်းမှ ၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ ပို့ကုန် သင်္ဘော (၁၇) စီး၊ ရေချိုငါး (၁၇၆၇ ဒသမ ၈၂၉ ) တန် တင်ပို့နိုင်ခဲ့ကြောင်း။

ပို့ကုန်အတွက် ဆိပ်ကမ်းများတွင် ကုန်သေတ္တာလုံလောက်မှုရှိစေ‌ရန် အကောက်ခွန် ဦးစီးဌာန၏ ကုန်လှောင်ရုံဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအထိ သက်ဆိုင်ရာ Bonded Terminal များမှ ကုန်သေတ္တာ စုစုပေါင်း (၂၇၉၉) လုံး ပြန်လည်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်၊ မတ်လမှ အောက်တိုဘာလ အထိ ဆိပ်ကမ်း၊ ကုန်းတွင်းကုန်သေတ္တာစခန်းတို့မှ စုစုပေါင်းကုန်သေတ္တာ (၁၉၁၃၈၇) လုံး ထုတ်ပေးနိုင်ခဲ့ကြောင်း။

ပို့ကုန်ရငွေ ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီများ၏ အခက်အခဲများကို  တာဝန်ရှိသူများက စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး ကူညီဆောင်ရွက်ပေးနေကြရမည် ဖြစ်ကြောင်း၊ အဆက်အသွယ်မရသည့်ကုမ္ပဏီများနှင့် ဝန်ခံကတိပြုထားပြီး ပေးသွင်းရန်ပျက်ကွက် နေသည့်ကုမ္ပဏီများကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများ အတိုင်း အဆင့်ဆင့် အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
    
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စက်သုံးဆီ ပြည်တွင်းဖူလုံမှုရှိစေရန် ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်းတန်ချိန် (၄၃၂၆၇၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၃၇ ဒသမ ၆၃) သန်း တင်သွင်းနိုင်ခဲ့ကြောင်း၊ တရားမဝင်စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်း (၄၅၄) တန် ဖမ်းဆီးရရှိခဲ့သဖြင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ စက်သုံးဆီ မီးလောင်မှုဖြစ်စဉ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများက ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေး လျက်ရှိ ပြီး စားသုံးဆီ‌ ဈေးကွက်/ဈေးနှုန်းတည်ငြိမ်စေရေးအတွက်  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ စားအုန်းဆီတင် သွင်းသည့်ကုမ္ပဏီများက တိုင်း‌ဒေသကြီး / ပြည်နယ်များရှိ သက်ဆိုင်ရာ လက်လီလက်ကား ကိုယ်စားလှယ်များသို့ တိုက်ရိုက်ဖြန့်ဖြူး‌ရောင်းချသည့်အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇွန် ၃ ရက် မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိရည်ညွှန်းစျေးအား အပတ်စဉ် တနင်္လာနေ့တွင် ပေါက်စျေးနှင့် အနီးစပ်ဆုံးဖြစ်စေရေး တွက်ချက်ထုတ်ပြန်ကြေညာ ပေးလျက် ရှိကြောင်း။

CMP သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ CMP ကုန်ကြမ်းပစ္စည်းများတင်သွင်းခြင်း၊ လုပ်ငန်းသုံး စက်ပစ္စည်းများနှင့် စက်အပိုပစ္စည်းများတင်သွင်းခြင်းတို့ကို လွယ်ကူချောမွေ့မှုရှိစေရေးဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း၊CMP ပို့ကုန်အမှာစာများ ပုံမှန်ရရှိရေးအတွက် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များဘက်က ကြိုးပမ်းအားထုတ်ရန် လိုအပ်သကဲ့သို့ ပြည်ပရှိစီးပွားရေးသံမှူးများမှ တစ်ဆင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်း လင်းဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်