နေပြည်တော် နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား အကောင်းဆုံးမြို့နယ်များ နှင့် သီးနှံအလိုက် အထွက်နှုန်း အများဆုံးထွက်ရှိသည့် တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်/ခရိုင် /မြို့နယ်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဆုရတောင်သူများ၊ မြို့နယ်များမှ တောင်သူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နေပြည်တော်စိုက်ပျိုး ရေးဦးစီးဌာန တိုင်းဦးစီးမှူးက သီးနှံစိုက်စွမ်းအား၊ သီးနှံအ ထွက်နှုန်းများနှင့်ပတ်သက်၍ ဆောင်ရွက် ရမည့်နည်းလမ်းများ၊ သီးနှံစိုက်စွမ်းအား အကောင်း ဆုံးမြို့နယ်ဆုနှင့် သီးနှံအလိုက် အထွက်နှုန်း အများဆုံးထွက်ရှိသည့် တောင်သူဆုရွေးချယ်မှုများနှင့် စပ်လျဉ်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံစိုက်စွမ်းအား အကောင်းဆုံးမြို့နယ် ပထမဆုရရှိသည့် ဇေယျာသီရိမြို့နယ်၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်၊ တတိယဆု ရရှိသည့် လယ်ဝေးမြို့နယ်၊ နှစ်သိမ့်ဆုရရှိသည့် ဇမ္ဗူသီရီမြို့နယ်များနှင့် မိုးစပါးသီးနှံ အထွက်နှုန်း အများဆုံး ပထမဆုရ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်အုပ်စုမှ တောင်သူ ဦးမောင်လွင်၊ ဒုတိယဆုရ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စုမှ တောင်သူ ဦးဇော်ဇော်၊ တတိယဆုရ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စုမှ တောင်သူ ဦးဇော်ထွန်းဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က သီးနှံအလိုက် အထွက်နှုန်း အများဆုံးထွက်ရှိသည့် တောင်သူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြရာ ဆုတောင်သူများကိုယ်စာ  တောင်သူဦးမောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်