နိုဝင်ဘာ ၂၉
မလေးရှားနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများတွင် နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ည ၈နာရီအထိ အိုးမဲ့အိမ်မဲ့ဖြစ်သူပေါင်း ၆၀၀၉၉ ဦးရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကီလန်တန်ပြည်နယ်တွင် ရေကြီးမှုအဆိုးရွားဆုံးဖြစ်ပွားခဲ့ပြီး ပြည်သူ ၄၉၀၄၈ ဦးသည် ရေဘေးကယ်ဆယ်ရေးစင်တာ ၂၀၇ ခုတွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။
တီရန်ဂါနူ၊ ကီဒက်၊ ပါလစ်နှင့် ပါရက်ခ်အပါအဝင် အခြားသောပြည်နယ်များတွင် ရေဘေးသင့်မှုဖြစ်ပွားခဲ့သည်။
မလေးရှားနိုင်ငံတွင် နိုဝင်ဘာလကုန်ပိုင်းအထိ မိုးများသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ယခင်ကပင် သတိပေးပြောကြားထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို