နေပြည်တော် နိုဝင်ဘာ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဆိုင်ရာ” သင်တန်းဆင်း အောင်လက်မှတ်များနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအနေဖြင့် ယခုကဲ့သို့ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ” နည်းပညာသင်တန်းများ ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ဝင်ငွေတိုးစီမံကိန်းကိုရုံးချုပ်၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ ကျေးရွာပေါင်း (၂၂၁)ရွာကို ရွေးချယ်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်အရသင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့ထိ ကျေးရွာပေါင်း (၁၇၅)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယနေ့လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲတွင် စက်ပစ္စည်းများ လက်ခံရယူပြီး လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် သင်တန်းက သင်ကြားပေးလိုက်သည့် ပညာရပ်များကိုအခြေခံကာ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဖြင့် မိမိထုတ်ကုန်၏ အရည်အသွေးနှင့် ထုပ်ပိုးမှု စနစ်မြင့်မားအောင် လုပ်ဆောင်မှသာ ဈေးကွက်ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကျေးရွာပေါင်း(၁၆)ရွာတွင် လုပ်ငန်းရှင်(၇၈)ဦးကို အသေးစားလုပ်ငန်းများ ထူထောင် ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကျေးရွာ(၉)ရွာ၊ နေပြည်တော် ကောင်စီဘတ်ဂျက်ဖြင့် ကျေးရွာ(၅)ရွာ၊ စုစုပေါင်းကျေးရွာ(၁၄)ရွာကို ဝင်ငွေတိုးစီမံကိန်း ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် အသေးစားလုပ်ငန်းရှင် (၇၀) ဦး ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသို့ သွားရောက်ပြီး အသင်းပိုင်မြေ (၂၀) ဧကတွင် GW-11 စပါးမျိုးစိုက်ပျိုးထားမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


