နေပြည်တော်၊   နိုဝင်ဘာ   ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တည်းခိုရေးစခန်း (ရွာတော်)၌ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေ ကြမည့် အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊ အနုပညာ အထက်တန်းကျောင်း(မန္တလေး)၊ ကရင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့တို့မှ အင်အား ၃၅၀ ဖြင့် အကအစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

 

 ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အကနည်းပြဆရာမ များ၊ အနုပညာရှင်ဝန်ထမ်းများနှင့်  ကရင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့တို့မှ ကျောင်းသူများကို ယခုကဲ့သို့ ကြိုးကြိုးစားစား လေ့ကျင့်နေကြသည်ကို တွေ့ရသည့်အတွက် ဝမ်းသာပါကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနား ကြီး၌ ပါဝင်ဖျော်ဖြေ တင်ဆက်ခွင့်ရခြင်းဖြစ်၍ ဂုဏ်ယူစရာဖြစ်ကြောင်း၊ အတွေ့အကြုံ များလည်းရပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများလည်းရပါကြောင်း၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကပြဖျော်ဖြေတင်ဆက်သွားရန် တိုက်တွန်းပါကြောင်း အားပေးစကားပြောကြားပြီး အားဖြည့်အချိုရည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။

 

ဆက်လက်၍ ဖူဆယ်(အမျိုးသား)အားကစားနှင့် ဘော်လီဘော(အမျိုးသား) အားကစားလေ့ကျင့်နေသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို တွေ့ဆုံအားပေး စကားပြောကြားကာ အားဖြည့် အချိုရည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးပြီး စွမ်းအင်ဝန်ကြီးဌာန ဘော်လီဘောအသင်းနှင့် ယှဉ်ပြိုင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စားပြု ဘောလုံးအသင်း၊ ဖူဆယ် (အမျိုးသား) အသင်း၊ ဘောလီဘော (အမျိုးသား) အသင်း၊ (အမျိုးသမီး) အသင်း၊ ပိုက်ကျော်ခြင်းအသင်း ၊ ပြေးခုံပစ်အသင်း တို့တွင်စုစုပေါင်း အုပ်ချုပ်သူ/နည်းပြ အပါအဝင် အားကစားသမား ၁၁၅ သည်ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်း ၆ မျိုး ပါဝင်ယဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)