နေပြည်တော်၊ နိုဝင်ဘာ ၂၉
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တည်းခိုရေး စခန်း(ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ တည်းခိုနေထိုင်လျက်ရှိသည့် တည်းခိုဆောင်များ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုများ၊ နေ့လယ်စာ စားသောက်နေမှုများနှင့် ချက်ပြုတ်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာ သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများကိုတွေ့ဆုံ၍ အားကစားသမားများအနေဖြင့် ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ စံချိန်/စံညွှန်းများကောင်းမွန်သည့် အားကစားသမားများကိုရွေးချယ်ပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်သည့် အားကစားသမားများဖြစ်အောင် ဆက်လက်လေ့ကျင့်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်၍ မိမိတို့တွင်ရှိသည့် အစွမ်းအစများကိုမလျှာ့ဘဲ အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန် လိုကြောင်း၊ စားရိပ်သာမှ ချက်ပြုတ်ပြင်ဆင် ကျွေးမွေးသော အာဟာရပြည့်ဝပြီး သန့်ရှင်း လတ်ဆတ်သည့် အစားအသောက်များကိုသာ စားသုံးပြီး ပြင်ပအစားအသောက်များကို စားသောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ လာရောက် တည်းခိုနေထိုင်လျက်ရှိသည့် တည်းခိုဆောင်များ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စားရိပ်သာတွင် အားကစားအဖွဲ့များ၏ နေ့လည်စာစားသောက်နေမှုများ၊ ချက်ပြုတ်ပြင်ဆင် ဆောင်ရွက်နေမှုများ၊ စားသောက်ဆိုင်(ကန်တင်း)များတွင် အားကစားသမားများအတွက် အဆာပြေအစား အသောက်များနှင့် အသေးသုံးပစ္စည်းများဝယ်ယူနိုင်ရန် ပြင်ဆင်ထားရှိမှုများတို့ကို ကြည့်ရှုစစ်ဆေး၍ အာဟာရ ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်မှုရှိသော အစားအသောက်များကိုသာ ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


