ရန်ကုန် နိုဝင်ဘာ ၂၉
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆေးရုံတက် ရောက်ကုသ နေသောလူနာများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ အားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေး စီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက် နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ လူနာကုသရေး ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန်စီမံခြင်း၊ အာမခံ အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့်ဆေးကုသ ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက် ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှု အခြေအနေများ၊ အတွင်းလူနာကုသပေးသည့် ကုသဆောင်များ၊ ကျောက်ကပ်သန့်စင်ဆေးကြောနေသည့် လူနာဆောင်သို့သွားရောက်၍ ဆေးဝါး ကုသမှုခံယူနေသည့် အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


