နေပြည်တော်၊ နိုဝင်ဘာ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံ အတွင်းရေး မှူးချုပ်ရုံးမှကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ပဉ္စမအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး (5th ASEAN Ministerial Meeting on Women- AMMW)ကို ယနေ့ နံနက် ၉ နာရီက hybrid စနစ်ဖြင့် နေပြည်တော်ရှိ M. Gallery ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးစံလွင်၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များက in person ဖြင့်တက်ရောက်ကြပြီး အာဆီယံနိုင်ငံများမှ အမျိုးသမီးရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအမျိုးသမီး ကော်မတီ (ACW) အဖွဲ့ဝင်များက online ဖြင့် တက်ရောက်ကြသည်။
ဉီးစွာပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ယခုအစည်း အဝေး၏ ခေါင်းစဉ်ဖြစ်သည့် "Towards an Inclusive Society through Gender Mainstreaming and Women Empowerment" သည် ကျား၊မ ခွဲခြားမှုမရှိဘဲ လူတိုင်းတန်းတူညီမျှသော အခွင့်အလမ်းများနှင့် အရင်းအမြစ်များကို လက်လှမ်းမီနိုင်သော အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ဖန်တီးရန်အတွက် အလေးပေးဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(NSPAW)သည် အမျိုးသမီးများ စွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ရေးတို့အတွက် အရေးပါသော ကတိကဝတ်တစ်ခုကို ကိုယ်စားပြုပါကြောင်း၊ ၎င်းသည် အမျိုးသမီးများ ရင်ဆိုင်နေရသော မညီမျှမှုများကို ဖြေရှင်းပေးပြီး အမျိုးသမီးများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများကို ထောက်ပံ့ပေးသည့် ပိုမိုမျှတသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ရည်ရွယ်ပါကြောင်း။
ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Women) ၏ ပူးတွဲကြေညာချက်သည် သက်ဆိုင်ရာ အာဆီယံနိုင်ငံများတွင် ကျား၊ မရေးရာ ကိစ္စရပ်များကို ဖြေရှင်းရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ကတိကဝတ်များအတွက် အရေးပါသော မူဘောင်တစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေး၏ ဆွေးနွေးချက်များသည် အာဆီယံတစ်ဝှမ်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် အကျိုးရှိသောရလဒ်များ ဖြစ်ထွန်းစေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ကိုယ်စား အာဆီယံဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးစံလွင်နှင့် စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေးဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် အင်ဒိုနီးရှားနိုင်ငံမှ AMMW Minister ကိုယ်စား Senior Advisor to Minister တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သဘာပတိအဖြစ် ဆောင်ရွက်ရသည့် အာဆီယံအမျိုးသမီး ကော်မတီ (ASEAN Committee on Women - Myanmar) ဥက္ကဋ္ဌဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အာဆီယံအမျိုးသမီး ကော်မတီသဘာပတိ၏ အစီရင် ခံစာကို ပဉ္စမအကြိမ် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများ အစည်းအဝေးသို့ တင်ပြသည်။
ဆက်လက်၍ အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံအလိုက် “ကျား၊ မ ရေးရာထည့်သွင်းစဉ်းစားခြင်းနှင့် အမျိုးသမီးများအား စွမ်းဆောင် ရည်မြှင့် တင်ခြင်းဖြင့် အားလုံးအကျုံးဝင်သည့် လူ့အဖွဲ့အစည်းဆီသို့” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အတွေ့အကြုံများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် အစည်းအဝေး အစီအစဉ်များကို ဆက်လက်ကျင်းပရာ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Women) ကို အလှည့်ကျနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလ၌ ကျင်းပမည်ဖြစ်ကြောင်း သဘောတူကြသည်။
ထို့နောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Women) သဘာပတိ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)


