နေပြည်တော်၊ နိုဝင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားနှင့် မီးခွက်ဈေးအကြားရှိ ရေမြောင်းများ ထိန်းသိမ်းပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းတစ်လျှောက်အရိပ်ရသစ်ပင်များ စနစ်တကျ စိုက်ပျိုးထားရှိရေးနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိရာ ပန်းခြံအတွင်း ဘက်စုံသုံးအဆောက်အဦများ၊ ပျော်ပွဲရွှင်ပွဲကျင်းပရန် နေရာများ၊ ယာဉ်ရပ်နားရန်နေရာများ၊ ကစားကွင်းများ၊ ရေကူးကန်များအပါအဝင် အများပြည်သူ အပန်းဖြေရန်နေရာများ ဆောင်ရွက်လျက်ရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့တော်ဝန် ဦးဘိုဌေးက ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာမြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ရန်လမ်းညွှန်ချက်များအား ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘုရင့်နောင်ပန်းခြံအတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့မှုနှင့် ပြည်သူအများအပြား ပျော်ရွှင်စွာ လာရောက် ဆင်နွဲခဲ့မှုများ၊ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လှိုင်သာယာတိုးချဲ့ပန်းခြံ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ရေစီးရေလာကောင်းမွန်ရေး၊ ရေဝင်ရေထွက်ကောင်းမွန်ရေး ဆောင်ရွက် လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှိုင်သာယာ မြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသည်ဖြစ်သဖြင့် ပလက်ဖောင်းများ အဆင့်မီကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မြို့နယ်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပ ရေးတို့အတွက် စနစ်တကျစီမံကိန်းချ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့အကွက်ချပုံကို စနစ်တကျဖြင့် ရေးဆွဲဖော်ဆောင်ထားသည့် မြို့ဖြစ်သဖြင့် အဆင့်မီသည့် မြို့တစ်ခုဖြစ်စေရေး ဆက်လက်အကောင် အထည်ဖော် ဆောင်သွားရမည်ဖြစ်ကြောင်း၊ မြို့နေပြည် သူလူထုနှင့် ကိုက်ညီသည့် လူနေမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ နေထိုင်သူများ ကျန်းမာရေးကောင်းမွန်စေရေး၊ သန့်ရှင်းမှုစနစ်တကျရှိစေရေး၊ ရေလုံလောက်စွာရရှိရေး တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အများအသုံးပြုရန် ကောင်းမွန်သည့်သုံးရေ ရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာလျင် အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုကျန်းမာရေးကောင်းမွန်မှုရှိရန် မိမိတို့အစိုးရအဖွဲ့မှ တာဝန်ရှိသူ များက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာ ကောင်းမွန်ရေးသည် အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက် သွားရန်လိုကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရေဝင်ရေထွက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မြို့ပြများ၌ စိမ်းလန်းစိုပြေရေး Green Zone ကို ဖော်ဆောင်ရာတွင် သုံးမိုင်ပတ်လည်အကွာအဝေးအတွင်း၌ Green Zone များ ဖော် ဆောင်ပေးထားရန်နှင့် အိမ်ခြံဝန်းများ လမ်းဘေးဝဲယာများ၌လည်း သစ်ပင်များ စိုက် ပျိုးစေရေးကြပ်မတ်ဆောင်ရွက်သွားရန် မူဝါဒချမှတ်ပေးထားပြီးဖြစ်သဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လှိုင်သာယာမြို့နယ် အကွက်ချပုံစံငယ်အားကြည့်ရှု၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို တာဝန်ရှိသူများအား မှာကြားသည်။
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန် နောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ရောက်ရှိကြရာ ပါမောက္ခချုပ် ဒေါက်တာကြည်စိုးနှင့် ဆရာ၊ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တက္ကသိုလ်အတွင်း ဆောက်လုပ်လျက်ရှိသည့် ပင်မသုံးထပ်စာသင် ဆောင်အသစ်အတွင်းရှိ ခန်းမဆောင်အတွင်း၌ ပါမောက္ခချုပ်က တက္ကသိုလ်၏ တည် နေရာနှင့် သမိုင်းအကျဉ်း၊ ဘာသာရပ်အလိုက် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ ဘာသာရပ်အလိုက် သင်ကြားရေး ဝန်ထမ်းများနှင့် စီမံဝန်ထမ်းများခန့်အပ်ထားရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ်လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ တက္ကသိုလ်အင်္ဂါရပ်နှင့်ပြည့်မီစေရေးအတွက် တိုးချဲ့စာသင်ဆောင်များနှင့် ခန်းမများ၊ အခြား အထောက်အကူပြုအဆောင်များ တည် ဆောက်ရာတွင် အသေးစိတ်ကအစ ထည့်သွင်းတွက်ချက် စဉ်းစားကာ ရေရှည်ကိုကြည့်၍ ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းဝင်းအတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လူသွားလမ်းများ၊ အားကစားပြုလုပ်ရာနေရာများနှင့်အပန်းဖြေနေရာများ ဆောင်ရွက်ရာ၌ ကျောင်းသားဦးရေအချိုးနှင့်ကိုက်ညီသည့် အကျယ်အဝန်းများနှင့် အကွာအဝေးများ ဖြစ်စေရေး စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပင်မသုံးထပ် စာသင်ဆောင်အသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


