နေပြည်တော် နိုဝင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူ များလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေး ရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ မော်တော်ဆိုင်ကယ် တာယာနှင့် ကျွတ်ထုတ်လုပ်သည့် အလုပ်ရုံသို့ရောက်ရှိပြီး တာယာနှင့်ကျွတ်များ ထုတ်လုပ်နေမှု၊ တာယာအရည် အသွေးစစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစော၊ စက်ရုံမှူးကြီး ဦးကျော်ကျော်စိုးတို့က စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်နေမှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းလိုအပ်ချက်များသည့် မော်တော်ဆိုင်ကယ် တာယာအား တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် သုံးဘီးဆိုင်ကယ်တာယာများ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းဈေးကွက်နှင့်ပြည်ပ ဈေးကွက်ပိုမိုရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ တွင် ဆိုင်ကယ်အစီးရေ ၅ သန်းခန့်ရှိပြီး ပြည်တွင်းတာယာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အမြတ်ကို အဓိကမထားဘဲ အရေအတွက်များများဖြင့် အရည်အသွေးပြည့်မီစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ဆိုင်ကယ်တာယာများအပြင် အခြားပြည်တွင်းမှ ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်တာယာများ ဈေးကွက်ရရှိရေးကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်တွင်း လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေများ ကုန်ကျနေရသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှ ထုတ်လုပ်သည့် တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်လိုအပ်ချက်နှင့် ဈေးကွက်အတွင်းအသုံးများသည့် အမျိုးအစားများကို သိရှိအောင်ဆောင်ရွက်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက် တိုးမြှင့်ရရှိနိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ စက်စွမ်း အားပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်နိုင်မှုအပေါ်မူတည်၍ သက်သာ ချောင်ချိရေးနှင့် ထိုက်သင့်သည့်ချီးမြှင့်မှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးစက်ကိရိယာများတွင် အသုံးပြုသည့် တာယာများကိုလည်း ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ အဆင့်မြင့်ရာဘာများ ထုတ်လုပ်နိုင်ရေးနှင့် ရာဘာထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တာယာစက်ရုံ(ရွာမ)မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
အဆိုပါ တာယာစက်ရု(ရွာမ)မှထုတ်လုပ်သည့် TRI STAR တာယာများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရလျက် ရှိပြီး အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုများကြောင့် ပြည်ပဈေးကွက်တွင် လူကြိုက်များသည့် တာယာအမျိုး အစားအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ သုတေသနပြု ဆန်းစစ်ချက်များအရ ပြည်ပမှ တင်သွင်းသည့် အခြားတာယာများထက် TRI STAR တာယာများသည် အရည်အသွေး ကောင်းမွန်ခိုင်ခံ့မှုရှိသည့်အပြင် ဈေးနှုန်းမှန်ကန်စွာဖြင့်လည်း ပြည်တွင်း၌ ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမ၌ တိုင်းမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံများတွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု၊ ၂၀၂၂ ခုနှစ်၊ မေလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှတ်(၁)စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိစစ်ဆေးစဉ်လမ်းညွှန် မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က ရန်ကုန် တိုင်းဒေသကြီးအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်းသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်အား အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်း သက်သာစွာဖြင့် ဖူလုံပေါများစွာ စားသုံးနိုင်စေရေး အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက် စေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများအပြင် နိုင်ငံ့ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် သက်သာစွာ ရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေကြသည့် ဝင်ငွေနည်း သည့် အခြေခံလူတန်းစားများ၏ စားရေးသက်သာချောင်ချိမှုဖြစ်စေရေးတွင် အထောက်အကူဖြစ်စေ ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုတို့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေး တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ မဖြစ်မနေစားသုံးရမည့် အခြေခံစားကုန်များကို ဈေးနှုန်းသက်သာချောင်ချိစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ အသားတိုးကြက်၊ ဥစား ကြက်၊ ဥစားဘဲ တို့ကို တိုးချဲ့မွေးမြူ ဆောင်ရွက်သွားရန်လိုကြောင်း၊ သွင်းအားစုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ နည်းပါး မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးအခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ဖြင့်ရရှိနိုင် မည်ဖြစ်သဖြင့် တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာစီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုး မွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


