နေပြည်တော် နိုဝင်ဘာ ၂၉

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကမ်းရိုးတန်းသည် ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်ဒေသ ဂေဟစနစ်တစ်ခုလုံး၏ ၅ ပုံ ၁ ပုံကို ပိုင်ဆိုင် ထားကြောင်း၊ အဏ္ဏဝါ ဂေဟစနစ်များစုံလင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး ထောက်ပံ့ပေးနိုင်သည့်အပြင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပင်လယ် ကမ်းရိုးတန်း သယံဇာတအခြေပြု အပြာရောင်စီးပွားရေး-Blue Economy  ဖွံဖြိုးတိုးတက် စေရေးအတွက် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါဂေဟစနစ်များ ထိန်းသိမ်းခြင်းနှင့် စနစ်တကျထုတ်ယူ အသုံးပြုခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်အမှိုက်များ ပင်လယ်တွင်းရောက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေနေသတ္တဝါများ ထိခိုက် ပျက်စီးမှုမရှိစေရေး လုပ်ငန်းစဉ်အဆင့်အလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ကဏ္ဍအလိုက် ဖော်ထုတ်ချမှတ်နိုင်ရေး၊ ကမ်းရိုးတန်းသယံဇာတကို မထိခိုက်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတ ထိန်းသိမ်းရေး၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်နှင့် သုတေသနစင်တာများ ထူထောင်ရေး၊ Marine Ecotourism ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ တင်ပြဆွေး‌နွေးသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ကော်မတီ၏လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး  တက်ရောက်လာကြ သူများက ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ရေရှည်ထိန်းသိမ်း‌ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်ငါးဖမ်းလုပ်ငန်းများ စစ်ဆေးကြီးကြပ်မှု မြှင့်တင်ရေး၊ အဏ္ဏဝါ ဂေဟစနစ်အခြေပြု သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေး၊ ပင်လယ်ပြင်အတွင်း တရားမဝင် ကုန်သွယ်မှုများ တားဆီးရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)