နေပြည်တော်   နိုဝင်ဘာ   ၂၉

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ကစားမည့် စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံးအား ကစားအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံးအားကစားအသင်းတို့ Naypyitaw State Polytechnic University ရှိ ဘောလုံး အားကစားကွင်းတွင် လေ့ကျင့်ကစားနေမှုကို သွားရောက်အားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံးအသင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ချီးမြှင့်ငွေနှင့် အင်အားဖြည့်အစားအစာများ ပေးအပ်ပြီး အားကစားအသင်းများ အနေဖြင့် ဝန်ကြီးဌာနဂုဏ်ဆောင်နိုင်အောင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် လေ့ကျင့်ယှဉ်ပြိုင်သွားရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားကြရန်၊ ကျန်းမာရေးနှင့် ကြံ့ခိုင်မှုကောင်းမွန် အောင်နေထိုင်၊ စားသောက်ရေး ဂရုစိုက်ကြရန် မှာကြားသည်။

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဘောလုံး (အမျိုးသား)၊ ဘော်လီဘော(အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီးရိုက် (အမျိုးသား) စသည့် အားကစားနည်း ၅ မျိုးကို အားကစားသမား ၈၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)