နေပြည်တော် နိုဝင်ဘာ ၃၀
EV Training of Trainers သင်တန်း (၂ / ၂၀၂၄) ဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက EV သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ကာ ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း၊ သင်တန်းသားများသည် သင်တန်းတွင် မိမိတို့လေ့လာသိရှိခဲ့သမျှကို သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချရန်၊ ပြန့်ပွားစေရန် သာမက EV သုံးစွဲသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူများ၏ လက်ဝယ်အရောက် နည်းပညာများကို ဆက်လက်ဖြန့်ဝေပေးသွားရန်၊ နိုင်ငံတော်က အမှန်တကယ် အားထားရသော အရည်အသွေးပြည့်မီသည့် EV နည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းသားများထံ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ 
သင်တန်းသို့ ပြင်ပ EV ကုမ္ပဏီများမှ သင်တန်းသား (၁၃) ဦးနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား (၁၅) ဦး တက်ရောက်ကြကြောင်း သိရသည်။ 
သတင်းစဉ်