ရန်ကုန် နိုဝင်ဘာ ၃၀
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၆) ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် စေတိယင်္ဂဏစာလျှောက်မေးပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က အဖွင့်မင်္ဂလာစကားလျှောက်ထားသည်။
ယင်းနောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲသြဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရ သိရီမဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ စာလျှောက်မေးပွဲနှင့် စပ်လျဉ်း၍ သြဝါဒကထာနာယူကြသည်။
ထို့နောက် စာဖြေသံဃာတော်များအား အမှတ်စဉ်အလိုက် စာဖြေပလ္လင်ပေါ်သို့ ပင့်ဆောင်၍ အာဂုံပြန်ဆိုခြင်းအစီအစဉ်အား ဆက်လက်ဆောင်ရွက်ကြသည်။
ယနေ့ကျင်းပသည့် (၁၀၆) ကြိမ်မြောက် စာမေးပွဲတွင် သီးခြားစာချတန်း ၄၁ ပါး၊ သီးခြားစာသင်တန်း ၁၉၈ ပါး၊ စာဖြေသံဃာစုစုပေါင်း ၂၃၉ ပါးတို့က ဒီဇင်ဘာ ၆ ရက်အထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ယနေ့တွင် သီးခြားစာသင်တန်းဖြေသံဃာတော် (၁၉၈) ပါး တို့က အာဂုံပြန်ဖြေဆိုကြမည်ဖြစ်ကာ ဒီဇင်ဘာ ၁ ရက်တွင် ယင်းအာဂုံပြန် အောင်စာရင်းအား ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ထို့အတူ ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်ထိ သီးခြားစာသင်တန်းနှင့် သီးခြားစာချတန်း သဘောရေးဖြေ ဖြေဆိုကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်တွင် အောင်စာရင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။
ယနေ့ နံနက် ၁၀ နာရီတွင်အခမ်းအနားသို့ကြွရောက်တော်မူကြသည့် ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များနှင့် စာဖြေသံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၊ ထီးတော်ရုံတန်ဆောင်းတို့တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မင်းလတ်-MNA


