နေပြည်တော် နိုဝင်ဘာ ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ Indoor Stadium (B) ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေကြမည့် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်) မှ ကျောင်းသား၊ ကျေင်းသူ ၂၇၀ မှ ထိုးကွင်းလေးနှင့် ခြင်းခတ်သူ နောက်ခံသီချင်းဖြင့် မြန်မာ့ရိုးရာခြင်းလုံးကို ခြင်းခတ်ကစားကြရင်း နိုင်ငံတော်အလံပုံအပါအဝင် အုပ်စုဖွဲ့ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဟန်ချက်ညီညီ အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်အဆင့်အားကစားပွဲတော်အခမ်းအနား၌ ပါဝင်ဖျော်ဖြေရမည်ဖြစ်ကာ မြန်မာ့ရိုးရာ အားကစားယဉ်ကျေးမှုအမွေကို မတိမ်ကောမပပျောက်‌အောင် မျိုးဆက်သစ်လူငယ်များက လက်ဆင့်ကမ်းသယ်ဆောင်ခြင်းဖြစ်၍ ဂုဏ်ယူစရာပင်ဖြစ်ရာ အားလုံးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါကြောင်း၊ အုပ်စုဖွဲ့လေ့ကျင့်ကာလ နှစ်လခန့်ရှိပြီဖြစ်ရာ အခမ်းအနားတွင် ဝန်ကြီးဌာန ဂုဏ်ဆောင်လျက် ညီညီညာညာ သရုပ်ပြဖျော်ဖြေနိုင်မည်ဟု အလေးအနက် ယုံကြည်ပါကြောင်းပြောကြားပြီး ဒုတိယဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများထံ အားဖြည့်အချိုရည်၊ အားဆေးများနှင့် ဂုဏ်ပြုငွေတို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဘော်လီဘောလေ့ကျင့်ရေးရုံ (၁) ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု ဘော်လီဘော (အမျိုးသား) အားကစားအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စားပြု ဘော်လီဘော (အမျိုးသား) အားကစားအသင်းတို့ လက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးကနှစ်ဘက်အသင်းမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများကို ဂုဏ်ပြုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်