နေပြည်တော် နိုဝင်ဘာ ၃၀ 
                
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား) အသင်း၊ ဖူဆယ် (အမျိုးသား) အသင်း၊ ဘောလီဘော (အမျိုးသား၊ အမျိုးသမီး) အသင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) အသင်း၊ ပြေးခုန်ပစ် (အမျိုးသား၊ အမျိုးသမီး) နှင့် ဂေါက်သီးရိုက် (အမျိုးသား) အသင်းတို့မှ အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားကစားအသင်းများအနေဖြင့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ရာတွင် စည်းကမ်းလိုက်နာပြီး အုပ်ချုပ်သူ / နည်းပြများ၏ သင်ကြားပြသမှုအတိုင်း စနစ်တကျလေ့ကျင့်သွားကြရန်၊ ကြံ့ခိုင်မှုကောင်းမွန်အောင် ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေး ဂရုစိုက်နေထိုင်သွားရန် မှာကြားကာ ချီးမြှင့်ထောက်ပံ့ငွေများနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်သည်။
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အားကစားနည်း (၆) မျိုးကို အုပ်ချုပ်သူ၊ နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမား ၁၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ နေပြည်တော် အမှတ် (၁) ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံနှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ၃၃ / ၁၁ ကေဗွီ ဝဏ္ဏသိဒိ္ဓအားကစားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားပွဲများကျင်းပရာ အဆောက်အအုံများသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် အသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် မှာကြားကာ ဓာတ်အားခွဲရုံများမှ အားကစားရုံများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်