နေပြည်တော်၊ ဒီဇင်ဘာ ၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး
နိုဝင်ဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၆) လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၂,၈၇၇,၃၇၉) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၃၀, ၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၂,၂၀၇, ၃၇၉) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အိမ်မဲမြို့၊ မြို့အဝင် စစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ ကလွင်ကျေးရွာ၌ တရားမဝင် ဒီရေတောမျောသစ်လုံး (၂၃၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီး၊ ရတနာဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၇၃၇,၃၆၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇,၈၉၂,၆၂၈)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၆,၆၂၉,၉၉၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ်၊ ကံ့ကော်ပန်း အဝိုင်းအနီး၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀) ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Daihatsu Hijet မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ပျဉ်းမနား မြို့နယ်၌ လိုင်စင်မဲ့ Loujia မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၈၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်တွင် စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Ipsum မော်တော်ယာဉ်တစ်စီးနှင့် Toyota Crown မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၅၀၀,၀၀၀) ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ ပဂိုးကုန်းကျေးရွာအနီး၌ လိုင်စင်မဲ့ Toyota Kluger မော်တော်ယာဉ် တစ်စီးနှင့် Nissan X-Trail မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ အရာတော်မြို့၊ ကွက်သစ်ရပ်ကွက်၊ မြို့လယ်ကျောက်တိုင်အနီး၌ လိုင်စင်မဲ့ CZI 125 မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀,၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် စစ်ကိုင်းမြို့၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၌ လိုင်စင်မဲ့ Mitsubishi Minicab မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂,၉၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်တွင် တောင်ငူ ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၇၁၈) တန်၊ အခြားသစ် တန် (၀ဒသမ ၉၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၇,၆၃၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁၄) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၂၅၇,၆၃၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၇,၃၀၅,၀၀၁)ကို ဖမ်းဆီးရမိသည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် လူသုံးကုန်ပစ္စည်းများ ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍ တားဆီး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်