နေပြည်တော် ဒီဇင်ဘာ ၁

 

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်း စစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို (၁၁) ကြိမ်မြောက်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန် (နေပြည်တော်)၌ ကျင်းပသည်။

 

အဆိုပါ ဂါရဝပြုဆုတောင်းပွဲ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအသင်း၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း နှင့် တပ်မတော်ကို ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

 

ဦးစွာ အောက်မေ့ဖွယ် ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကို တက်ရောက်လာကြသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄ ချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များ အားရည်စူး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် နှစ်မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာ ဘုံဘဝရောက်ရှိစေရန် မိုးပျံ ပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိစေရန် ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက တိုင်းပြည်အတွက် အသက်ပေးလှူသွားသော သူရဲကောင်း စစ်သည်များအတွက် ဂုဏ်ပြုပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

 

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း သူရဲကောင်းစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု ပေါက်တောကျေးရွာ သဒ္ဓါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်