နေပြည်တော် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ဖုန်းနှင့်ငွေကြေးများ ခြောက်လှန့် တောင်းယူမှုများ ဖြစ်ပွားနေကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဖမ်းဆီးရမိ
ထိုသို့ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက် နံနက် ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင် (ခ) တာလေ (၂၈) နှစ်နှင့် သီဟ (၄၄) နှစ်၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ (ခ) ဘဦး (၃၀) နှစ်နှင့် မျိုးဦး (ခ) ဝေယံ (၃၁) နှစ်၊ ရန်အောင်မြေ ရပ်ကွက်နေ သိန်းထိုက်အောင် (ခ) အရှည်ကြီး (၂၇) နှစ်နှင့် ဝင်းသက်အောင် (ခ) ဝင်းမင်းသန့် (၃၄) နှစ်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက် (ခ) ကုလား (၂၅) နှစ်၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက် (၂၈) နှစ်တို့ ရှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ် တစ်စီး၊ M16 ပုံစံတူ (Air Gun) တစ်လက်၊ ပစ္စတိုသေနတ်အတို (Air Gun) တစ်လက်၊ ပြောက်ကျား ဦးထုပ်တစ်လုံး၊ ပြောက်ကျားယူနီဖောင်း နှစ်စုံတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင် (ခ) တာလေပါ ရှစ်ဦးတို့အား စစ်ဆေးပေါ်ပေါက်ချက်များအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အငှားနေအိမ်လိုင်းခန်း တစ်ခုမှ တရားခံ ဇော်ဖြိုးလွင် (ခ) တာလေ၊ သိန်းထိုက်အောင် (ခ) အရှည်ကြီး၊ သီဟနှင့် ဖမ်းဆီးရန်ကျန်တရားခံ မဲကြီးတို့ လေးဦးကို ဖုန်းမျိုးစုံနှစ်လုံးနှင့် ထိုင်းဘတ် ငွေ ၂၀၀၀၀ ခန့်နှင့်လည်းကောင်း။
အောက်တိုဘာလအတွင်း တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံ ဇော်ဖြိုးလွင် (ခ) တာလေ၊ သိန်းထိုက်အောင် (ခ) အရှည်ကြီး၊ မိုးနှင်းလျှံ (ခ) ဘဦး၊ မျိုးမင်းထက်၊ မျိုးဦး (ခ) ဝေယံနှင့် ဖမ်းဆီးရန်ကျန်တရားခံမဲကြီးတို့ ခြောက်ဦးက ဖုန်းမျိုးစုံ ခြောက်လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ခုနစ်လုံးနှင့် ထိုင်းဘတ်ငွေ ၁၄၀၀၀ ခန့် အားလည်းကောင်း၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံဇော်ဖြိုးလွင် (ခ) တာလေ၊ မိုးနှင်းလျှံ (ခ) ဘဦး၊ ဝင်းသက်အောင် (ခ) ဝင်းမင်းသန့်နှင့် ဖမ်းဆီးရန်ကျန် တရားခံမဲကြီးတို့ လေးဦးကို ဖုန်းမျိုးစုံ ငါးလုံးနှင့် ထိုင်းဘတ်ငွေ ၇၀၀၀ ခန့်နှင့်လည်းကောင်း။
နိုဝင်ဘာလအတွင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံ ဇော်ဖြိုးလွင် (ခ) တာလေ၊ သိန်းထိုက်အောင် (ခ) အရှည်ကြီး၊ သီဟနှင့် ခင်မောင်ထိုက် (ခ) ကုလားတို့ လေးဦးက ဖုန်းမျိုးစုံ လေးလုံးနှင့် ထိုင်းဘတ်ငွေ ၁၂၀၀၀ ခန့်အားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပြောက်ကျားယူနီဖောင်းများဝတ်ဆင်ပြီး M16 ပုံစံတူ (Air Gun) တစ်လက်၊ ပစ္စတိုသေနတ် (Air Gun) တစ်လက်နှင့် ဝင်းသက်အောင်ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃၀၀၀ တို့အား ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။
နေအိမ်များအတွင်း ဝင်ရောက်ကာ ခြောက်လှန့် တောင်းယူမှုများအတွင်း ဇော်ဖြိုးလွင် (ခ) တာလေ၊ သိန်းထိုက်အောင် (ခ) အရှည်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံမဲကြီးတို့က လုံခြုံရေးတပ်ဖွဲ့ယူနီဖောင်းများ ဝတ်ဆင်၍ ဦးဆောင်ကျူးလွန်ခဲ့ကြပြီး ကျန်တရားခံ ခြောက်ဦးတို့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ခြောက်လှန့်တောင်းယူရရှိခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင် တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်အချို့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ လုံခြုံရေးအရ ဧည့်စာရင်း စစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဖုန်းနှင့်ငွေကြေးများအား ခြောက်လှန့်တောင်းယူခဲ့ကြသူ ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင် (ခ) တာလေပါ ရှစ်ဦးအား သက်ဆိုင်ရာ ရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုများအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံမဲကြီးအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူဒုစရိုက်မှုများ ကျူးလွန်နိုင်မှုမရှိစေရေး မိဘပြည်သူများအနေဖြင့် ဒုစရိုက်သမားများ၏ လှုပ်ရှားသွားလာမှုများအား သိရှိပါက နီးစပ်ရာလုံခြုံ ရေးတပ်ဖွဲ့ဝင်များထံ အသိပေး သတင်းပေးပို့တိုင်ကြား နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်