ဒီဇင်ဘာ ၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုဝင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၃၀၀၀၀ နီးပါးရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၁၇၃ ဦးရှိရာ နိုဝင်ဘာလသည် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှု အများဆုံးလဖြစ်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာန(ဒီဂျီအိတ်ချ်အက်စ်)က သတင်းထုတ်ပြန်ထား သည်။

နိုဝင်ဘာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၉၆၅၂ ဦးရှိသည်ဟု သိရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၈၂ ဦးရှိရာ ယခုနှစ် ဇန်နဝါရီလမှစတင်ကာ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၉၂၃၅၁ ဦးရှိလာသည်ဟု ဖော်ပြထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးသူ ခြောက်ဦးရှိရာ သေဆုံးသူပေါင်း ၄၉၄ ဦးရှိလာသည်ဟု ဒီဂျီအိတ်ချ်အက်စ်ကဆိုသည်။

၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးသူ ၁၇၀၅ ဦးရှိရာ ၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးသူ ၁၇၉ ဦး၊ ၂၀၂၂ ခုနှစ်က သေဆုံးသူ၂၈၁ ဦးတို့နှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်သည် သွေးလွန်တုပ်ကွေးရောဂါဖြင့်နှစ်အလိုက်သေဆုံးမှုတွင် သေဆုံးမှုအများဆုံးနှစ်ဖြစ်သည်။

သွေးလွန်တုပ်ကွေးသည် အေးဒိစ်ခြင်ကိုက်ခံရခြင်းမှ ကူးစက်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ခေါင်းကိုက်ခြင်း၊ အဖျားကြီဂခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အော့အန်ခြင်းနှင့် အဖုထွက်ခြင်း စသည့်လက္ခဏာများဖြင့် ဖျားနာမှုတို့ဖြစ်စေသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို