ဒီဇင်ဘာ ၂

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းတွင် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း လက်မှတ်ရောင်းရငွေမှ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၉ သန်း ဝင်ငွေရရှိခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလအတွင်းရရှိသော ဒေါ်လာ ၃၂ ဒသမ ၅၄ သန်းမှ ၂၈ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယူနက်စကိုစာရင်းဝင် အန်ကောကျောင်းသို့ ယခုနှစ် ဇန်နဝါရီမှနိုဝင်ဘာလအတွင်း နိုင်ငံခြားခရီးသွား ၈၉၈၃၃၉ ဦး ဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ်အလားတူကာလအတွင်း နိုင်ငံခြားခရီးသွား ၆၉၉၉၉၆ ဦး ဝင်ရောက်မှုမှ ၂၈ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု နိုင်ငံပိုင်အန်ကောလုပ်ငန်း၏ဖော်ပြချက်အရ သိရသည်။

အန်ကောကျောင်းသို့ လာရောက်လည်ပတ်မှုအများဆုံး ထိပ်တန်းငါးနိုင်ငံမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်။

ယခုနှစ်နိုဝင်ဘာလအတွင်း အနားယူအပန်းဖြေလာရောက်သောနိုင်ငံခြားခရီးသွား ၁၂၄၁၃၆ ဦးရှိပြီး ဒေါ်လာ ၆ သန်းနီးပါးဝင်ငွေရရှိကြောင်း ဖော်ပြထားသည်။

အနောက်မြောက်ဘက်ရှိ ဆီရမ်ရိပြည်နယ်တွင် ၄၀၁ စတုရန်းကီလိုမီတာရှိသောအန်ကောဝပ်ဘုရားကျောင်းတည်ရှိသည်။ နိုင်ငံခြားခရီးသွားများ အများဆုံးလည်ပတ်ရာနေရာဖြစ်သော အန်ကောဝပ်ကျောင်းတော်တွင် ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်းရှိသည်ဟုသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို