နေပြည်တော် ၊ ဒီဇင်ဘာ ၂
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ အားကစား နည်းအလိုက်အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် တိုင်းဒေသကြီး၊ ပြည်နယ်များအပါအဝင် ဝန်ကြီးဌာနပေါင်းစုံမှ အားကစားသမားများစွာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အားကစားနည်းခြောက်မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်လည်း အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ကြိုးပမ်းယှဉ်ပြိုင်စေလိုပါကြောင်း၊ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိခြင်းသည် ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်ပေးရုံသာမက နိုင်ငံ၏အားကစားကဏ္ဍမြှင့်တင်ရာ ရောက်ပါကြောင်း။
အမျိုးသားအားကစားပွဲတော်သည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်စေရန်၊ ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံသားအားလုံး စည်းလုံး ညီညွတ်မှုရှိစေရန်နှင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည့်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုကို လက်ဆုပ်လက်ကိုင်ပြု၍ ဇွဲ ၊ လုံ့လ ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစား အသင်းများ အောင်ပွဲဆင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံကို အပ်နှင်းပေးအပ်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန အားကစားအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို နှင့်အားကစားသမားများက လက်ခံရယူသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းများမှ အုပ်ချုပ်သူများအပါအဝင် အားကစားသမား (၁၃၀) ဖြင့် ဘော်လီဘော၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီးရိုက်(အလွတ်တန်း)၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်စသည့် အားကစားနည်း ခြောက်မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်