နေပြည်တော် ၆ မတ်
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် အများပြည်သူနှင့် ကလေးငယ်များ စိတ်ဝင်စားမှု အများဆုံးဖြစ်သည့် ရှားပါးတိရစ္ဆာန်များပြသခြင်း၊ သစ်ပင်ပန်းမန်များဖြင့် အနားယူအပန်းဖြေရန်လည်းကောင်း၊ ဗဟုသုတရရှိစေရန်လည်းကောင်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ပင်ဂွင်းပြကွက်တွင် မွေးမြူပြသထားသော ပင်ဂွင်းအထီး (၆)ကောင်၊ အမ(၃)ကောင် စုစုပေါင်း(၉)ကောင်ရှိသည့်အနက် ပင်ဂွင်း EBISU (အထီး) နှင့် ပင်ဂွင်း HIMAWARI (အမ) တို့မှ ဇန်န၀ါရီ ၂၆ ရက်တွင် ပင်ဂွင်းငှက်ငယ်(၁)ကောင်နှင့် ဇန်န၀ါရီ၂၉ ရက်တွင် (၁)ကောင်၊ ပင်ဂွင်း KAWASE (အထီး)နှင့် MUROTO (အမ) ပင်ဂွင်းတို့မှ ဖေဖော်၀ါရီ ၁၄ ရက်တွင် (၁) ကောင် စုစုပေါင်း ပင်ဂွင်းငှက်ငယ် (၃)ကောင် ပေါက်ဖွားခဲ့သည်။
ပင်ဂွင်းသား ပေါက်(၃)ကောင်မှာ လသားအရွယ်ဖြစ်သဖြင့် အထီး/ အမ ခွဲခြား၍ မရနိုင်သေးကြောင်း၊ မိခင် ပင်ဂွင်းငှက်နှင့် ကလေးငယ်များမှာ ကျန်းမာရေးကောင်းမွန် လန်းဆန်းလျက်ရှိပြီး စိတ်ချရနိုင်သည့် အနေအထားရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)