ပေါင် ဒီဇင်ဘာ ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဒေသရှိ ကုလားမတောင်တန်းနှင့် တောတောင်များ ဥယျာဉ်ခြံများတွင် ကြက်ပေါင်သီးအပင်များမှာ သဘာ၀အလျှောက် ပေါက်ရောက် ရှင်သန်လျက်ရှိရာ ရာသီပေါ်ချိန်ကာလတွင် ဒေသခံများက မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကြက်ပေါင်သီးများ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။

ကြက်ပေါင်သီးများကို ဒေသခံများက သရေစာအဖြစ်လည်းကောင်း၊ ငါးနှင့်တွဲ၍ ဟင်းလျာအဖြစ် လည်းကောင်း၊ သနပ်အဖြစ်သော်လည်းကောင်း၊ ငါးပိ၊ ပုဇွန်ခြောက်နှင့် တွဲကြော်၍ လည်းကောင်း ပြုလုပ်စားသုံးကြကာ ဒေသအတွင်းတွင် နှစ်သက်စားသုံးသူ များပြားလာခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချခြင်း၊ လက်ဆောင်ပေးခြင်း၊ ဆိုင်တင် ရောင်းချခြင်းတို့ကြောင့် အဝယ်လိုက်နေပြီး ကြက်ပေါင်သီး အလုံး (၅၀) ပါအစည်းကြီး  တစ်စည်းလျှင် (၅၀၀ဝိ/-) ကျပ် ဈေးရရှိလျက်ရှိသည်။

ကြက်ပေါင်သီးများမှာ နွယ်ပင်မျိုးဖြစ်၍ ချဉ်သောအရသာရှိကာ စိုက်ပျိုးထားမှုမရှိဘဲ ဥယျာဉ်ခြံများရှိ သစ်ပင်များတွင် သဘာ၀အလျောက် တွယ်ကပ်ရှင်သန်လျက်ရှိရာ ဒေသခံ ဥယျာဉ်ခြံပိုင်ရှင်များက ပြုစုထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ ကြက်ပေါင်သီးများသည် ယခုဒီဇင်ဘာ ဒုတိယပတ်တွင် အသီးများရင့်မှည့်လေ့ရှိရာ ဒေသခံပြည်သူများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)