ပဲခူး ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ဒေသတွင်း အသား/ ဥဖူလုံ ပိုလျှံစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူရောင်းချနိုင်ရေး မွေးမြူရေးခြံများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၌ CP Livestock Co.,Ltd နှင့် အကျိုးတူမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဒေါ်ရန်ဖူးရန် ၏ အသားတိုးဝက်ကောင်ရေ (၄၈၀၀) နှင့် ဥစားကြက်ကောင်ရေ (၁၀၀၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အသားတိုးဝက်များအား အစားအစာ ဘေးကင်းလုံခြုံရေးအပြင် တိရစ္ဆာန်မွေးမြူရေးအတွက် ဇီဝလုံခြုံရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အသားတိုးဝက်မွေးမြူရေးခြံနှင့် ဥစားကြက် မွေးမြူရေးခြံတို့အား လှည့်လည် ကြည့်ရှုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ထုံးကြီးကျေးရွာအုပ်စုရှိ မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ လယ်မြေများ မြေဆီဩဇာ ကြွယ်ဝစေရေးနှင့် လာမည့်သီးနှံစိုက်ရာသီတွင် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး ပိုက်ဆံလျှော် စိုက်ပျိုးသွားရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ စားဖိုးဆောင်သီးနှံကြက်သွန်နှင့် ငရုတ်စိုက်ပျိုးနိုင်ရေး လက်နှိပ်တုံကင်တွင်းများ တူးဖော်နိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာအုပ်စု၌ Sunjin Livestock Co., Ltd ၏ မျိုးဝက်ကောင်ရေ (၂၄၀၀) မွေးမြူ၍ တစ်နှစ်လျှင် ဝက်သားပေါက်ကောင်ရေ (၆၀၀၀၀) မွေးမြူထုတ်လုပ်သည့်ခြံသို့ ရောက်ရှိခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ လက်ပံဝင်းကျေးရွာအုပ်စု၌ Sunjin Livestock Co., Ltd နှင့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စုသက်ပိုင်၏ အသားတိုးဝက်ကောင်ရေ (၄၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် မွေးမြူထားသည့် အသားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့စဉ်ဖွင့်လှစ်လျက်ရှိသည့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူများ တိုက်ရိုက်အရောင်းဆိုင်များတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးနှင့် မွေးမြူရေး တိုးတက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)