နေပြည်တော် ဒီဇင်ဘာ ၈
စပါးရိုးပြတ်များ သီးနှံအကြွင်းအကျန်များကို အသုံးပြု၍ တီမွေးမြူခြင်းနှင့် တီကျစ်စာ မြေဆွေး ထုတ်လုပ်ခြင်း နည်းစနစ်များ တောင်သူပညာပေး သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။
သရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က တီကျစ်စာမြေဆွေးတွင် ရိုးရိုးမြေဆွေးထက် အာဟာရဓါတ်နှင့် အဏုဇီဝများ ပါဝင်မှု ပိုမိုနိုင်ပြီး အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကြွယ်၀ကာ အပင်စားသုံးရန် အသင့်ဖြစ်ရန် ဖန်တီးနိုင်သော အဏုဇီဝများပါဝင်သဖြင့် အပင်ကြီးထွားစေခြင်းနှင့် သီးနှံ အရည်အသွေး ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။
သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓါတ်မြေဩဇာများကို မျှတအောင် ထည့်သွင်းမကျွေးမွေးနိုင်ခြင်း၊ ပိုးသတ်ဆေးများ မဆင်မခြင် ပက်ဖျန်းခြင်းများကြောင့် မြေဆီလွှာအတွင်း သက်ရှိနှင့်အတူ အဏုဇီဝများ အပင်အာဟာရများအတွက် အလုပ်မလုပ်နိုင်တော့သဖြင့် မြေဆီလွှာ ကျန်းမာရေး ထိခိုက်ပျက်စီးလာပြီး သဘာဝရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်အားနည်းလာသည်ကို လေ့လာတွေ့ရှိရသဖြင့် ယခုကဲ့သို့ တီကောင်မွေးမြူရေးမှ အစပြု၍ မြေဆီလွှာဂေဟစနစ် ပြန်လည်ဖွံ့ဖြိုးလာရေးကို သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုးနှင့် စပါးခွံတို့ကို အကျိုးရှိစွာ အသုံးပြုပြီး တီမွေးမြူခြင်းနှင့် တီကျစ်စာမြေဆွေး ထုတ်လုပ်သုံးစွဲနိုင်ကြရန် သုတေသီများပညာရှင်များက နည်းပညာပေးသရုပ်ပြသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် အစားအစာ သိပ္ပံသုတေသနဌာနခွဲ၊ စပါးဇီဝဥယျာဉ် သုတေသနဌာနစုမှ သုတေသီများ၊ ပညာရှင်များက တီကျစ်စာ မြေဆွေးစီးပွားဖြစ် ထုတ်လုပ်နိုင်သော တီမျိုးများမွေးမြူခြင်းနှင့် တီကျစ်စာမြေဆွေး ပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြဆွေးနွေးရာ တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြကြောင်း သိရသည်။
သတင်းစဉ်


