နေပြည်တော် ဒီဇင်ဘာ ၇
ထိန်ချုံးသိပ္ပံပညာရှင်များ ဖိုရမ် (၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့၌ ကျင်းပခဲ့ရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဖိုရမ်ကို ယူနန်ပြည်နယ်အစိုးရနှင့် တရုတ်သိပ္ပံနှင့် နည်းပညာအဖွဲ့အစည်းတို့က “Science Global Innovation and the Mission of Scientists-Empowering High-Quality Development” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ကြပြီး ပြည်နယ်ပါတီအကြီးအကဲနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် သိပ္ပံပညာရှင်များ၊ လူငယ်သိပ္ပံပညရှင်များ၊ စွန့်ဉီးတီထွင် လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဖိုရမ်တွင် ၂၀၀၆ ခုနှစ် ရူပဗေဒ နိုဘယ်ဆုရ ပါမောက္ခ George Smoot အပါအဝင် တရုတ်နှင့် နိုင်ငံတကာသိပ္ပံနှင့် နည်းပညာလောကတွင် အောင်မြင်ကျော်ကြားသည့် ပညာရှင်များက ဆွေးနွေးကြသည်။
ဖိုရမ်အတွင်း ဒုတိယဝန်ကြီးသည် ယူနန်ဗဟိုအသံလွှင့် ရုပ်မြင်သံကြားဌာနချုပ်၏ သိပ္ပံနှင့် နည်းပညာ တီထွင်ဖန်တီးမှုများ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် AI နည်းပညာတို့နှင့် စပ်လျဉ်း၍ သီးခြားတွေ့ဆုံ မေးမြန်းမှုများကို ဆွေးနွေးဖြေကြားပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ချိန်ကွမ် ဇီဝဗေဒသိပ္ပံနှင့် နည်းပညာအုပ်စု (Chenguang Biotech Group) ၏ ဇီဝနည်းပညာကို အသုံးချ၍ ဂန္ဓမာပန်း၊ ငရုတ်သီး၊ ဂုန်လျှော်ပင်၊ စပျစ်စေ့ကုန် ကြမ်းတို့မှ အစားအသောက်နှင့် လူသုံးဆေးဝါးထုတ်ကုန်များ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ Huayu (ဟွားရွီ) Bio Tech ကုမ္ပဏီအုပ်စု၏ ၁၉၉၃ ခုနှစ်မှ စ၍ ဇီဝနည်းပညာများကို သုတေသနပြုလုပ်ကာ ၂၀၂၂ ခုနှစ်အထိ နွား ခွာနာလျှာနာပျောက်ဆေးများ၊ ဝက်ကူးစက်ရောဂါ ကာကွယ်ထိုးဆေးများ ထုတ်လုပ်မှုကိုလည်းကောင်း သွားရောက်လေ့လာခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဇီဝနည်းပညာသုတေသနဉီးစီးဌာနနှင့် သုတေသနများ ပူးပေါင်းဆောင်ရွက်ကာ နည်းပညာများ မျှဝေဖလှယ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်း၌ ဒုတိယဝန်ကြီးသည် ထိန်ယောက် တိုင်းရင်းဆေးထုတ်လုပ်ရေး ကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး ပိုးဟတ်များကို ၁၉၉၄ ခုနှစ်မှ စတင်၍ ဇီဝနည်းပညာသုတေသနပြုလုပ်၍ ဆေးဝါးထုတ်လုပ်မှု၊ နှလုံးအားကောင်းဆေးများ၊ အသားအရည် ကောင်းမွန်ဆေးများ စသည်တို့ ထုတ်လုပ်နိုင်မှု၊ သုတေသနဆောင်ရွက်မှု၊ စာတမ်းများ ရေးသားပြုစုခဲ့မှုနှင့် တီထွင်မှုမူပိုင်ခွင့် (၇) ခု ရရှိခဲ့မှု၊ မြစ်ကြီးနားရှိ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်


