နေပြည်တော်၊ ဒီဇင်ဘာ ၈

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ပါဝင်ချီတက်ကြမည့် ကျန်းမာရေး ဝန်ထမ်းများ၊ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်သူများကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။ 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများတွင် စနစ်တကျပျော်ရွှင်စွာ ပါဝင်ဆောင်ရွက်ရေး၊ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး ကျန်းမာရေးကောင်းမွန်စေရန် အစားအသောက်/ အနေအထိုင် အထူးဂရုပြုဆောင်ရွက်ရေး၊ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်နိုင်ရေး၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိသည့် အခွင့်အရေးမှ အတွေ့အကြုံကောင်းများရယူရေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၌ အသုံးပြုသည့် လူနာတင်ယာဉ်များတွင် ထိခိုက်ဒဏ်ရာလူနာများအတွက် အရေးပေါ် အသက်ကယ်ဆေးနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုနှင့် စနစ်တကျအသုံးပြုနိုင်ရေး စီစဉ်ထားရှိမှု၊ အောက်ဆီဂျင်၊ အသက်ရှုကိရိယာ၊ လူနာအခြေအနေအလိုက် သယ်ယူပို့ဆောင် ပစ္စည်းအမျိုးမျိုး၊ အလွယ်တကူ သယ်ဆောင်နိုင်သည့် ဆေးအိတ်များကို   ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်နှင့်အညီ လွယ်လင့်တကူ အသုံးပြုနိုင်ရေး စီစဉ်ထားရှိရန် မှာကြားသည်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့် သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ အလေးထားဆောင်ရွက်လျက်ရှိပြီး အားကစားနည်း အမျိုးအစားများအလိုက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးအဖွဲ့ (၃၈) ဖွဲ့၊ ကျန်းမာရေးဝန်ထမ်း (၂၅၀) ကျော်တို့က အားကစားပြိုင်ပွဲများ အပါအဝင်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား၊ ဖျော်ဖြေရေးအဖွဲ့များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။ ထို့ပြင်ရွာတော်တည်းခိုရေးစခန်းတွင်လည်း (၂၄)နာရီ ဆေးခန်းဖွင့်လှစ်ထားရှိကာ ဆေးပညာ၊ အရိုးနှင့်အကြောအဆစ် အထူးကုဆေးခန်း အချိန်ပိုင်းဖွင့်လှစ် ထားရှိပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များဦးဆောင်၍ လာရောက်ပြသသည့် လူနာများကို ကြည့်ရှုကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းဆေးခန်းလည်း ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ စည်ပင်ရိပ်သာနှင့် အားကစားရွာ (Gold Camp) တို့တွင်လည်း (၂၄) နာရီ ဆေးခန်းဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး လယ်ဝေးသင်တန်း ကျောင်း၌ တည်းခိုနေထိုင်ကြသော မသန်စွမ်းအားကစားသမားများအတွက် (၂၄) နာရီဆေးခန်း ဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်