နေပြည်တော် ဒီဇင်ဘာ ၈ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ နေပြည်တော်ကောင်စီဝင်များ နှင့်အတူ ရာဂီမုန်တိုင်းကြောင့်  ထိခိုက်ပျက်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများက အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားအမြန်ဆုံး ထုတ်လုပ်ပေးနိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရေး၊ ပြုပြင်ရေးလုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေး အတွက် လူအင်အား၊ ပစ္စည်းအင်အားများကို စနစ်တကျစုဖွဲ့၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးကာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။ 

ထို့နောက် တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲနှင့်တမံ၏ ကြံခိုင်မှု အခြေအနေကိုလည်းကောင်း၊ စက်ယန္တရားကြီးများဖြင့် ချောင်းကြမ်းပြင် တူးဖော်နေမှုကို လည်းကောင်း၊ ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တမံကြံ့ခိုင်မှုနှင့် လုံခြုံရေးကို စဉ်ဆက်မပြတ် ဂရုပြုစောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် (၇၀) မဂ္ဂါဝပ်နှစ်လုံးဖြင့် စုစုပေါင်း ဓာတ်အား (၁၄၀) မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းကြောင့် ဓာတ်အားပေးစက်ရုံအတွင်း ရေများဝင်ရောက်ခဲ့ကာ ဓာတ်အားပေးစက်များ ရေနစ်မြုပ် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်  ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်များ မောင်းနှင်နေမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်