ဒေါက်တာသိင်္ဂီမြင့် (YAU)
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးပညာသင်ကြားမှုသည် ၁၉၂၄ ခုနှစ်မှစတင်ခဲ့ရာ ယခု ၂၀၂၄ ခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများဖြင့် လူနေမှုဘဝများစွာကို ရပ်တည်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေး သော စိုက်ပျိုးရေးတက္ကသိုလ်၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။ မြန်မာ့ပညာရေး သမိုင်းတွင် စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် စတင်ပါဝင်လာခဲ့သော ၁၉၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့သည် စိုက်ပျိုးရေးပညာ နှစ် ၁၀၀ ပြည့်မြောက်သော နေ့ရက်အဖြစ် ဂုဏ်ပြု ကျင်းပတော့မည်ဖြစ်ပါသည်။
နှစ် ၁၀၀ တိုင်အောင် တစိုက်မတ်မတ်ဆောင်ရွက်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် ၁၉၂၄ ခုနှစ်မှစတင်သော ရန်ကုန်တက္ကသိုလ် လက်အောက်ခံ စိုက်ပျိုးရေး ကောလိပ်အဖြစ်မှ မန္တလေးတက္ကသိုလ် လက်အောက်ခံ စိုက်ပျိုးရေးမဟာဌာန၊ သီးခြား စိုက်ပျိုးရေးတက္ကသိုလ် စသည်ဖြင့် အမည်နာမအမျိုးမျိုး ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် နိုင်ငံတကာအဆင့်မီ စိုက်ပျိုးရေးပညာရှင်များမွေးထုတ်ရန် ဦးတည်ချက်များကို နှစ် ၁၀၀ တိုင်အောင် တစိုက်မတ်မတ်ဆောင်ရွက်နေသော တက္ကသိုလ်ဖြစ်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် အဓိက ဆောင်ရွက်သော လုပ်ငန်းတာဝန်များမှာ (က) သင်ကြားရေးနှင့် လေ့ကျင့်ပညာပေးခြင်း၊ (ခ) စိုက်ပျိုးရေးဆိုင်ရာ သုတေသနများဆောင်ရွက်ခြင်း၊ (ဂ) တောင်သူများထံ နည်းပညာများ ဖြန့်ဖြူးခြင်းတို့ဖြစ်ပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော စိုက်ပျိုးရေးပညာရှင်များကို နှစ် (၁၀၀) တိုင်အောင် မွေးထုတ်လျက်ရှိပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အပ်နှင်းသည့် ဘွဲ့ကို ၁၉၃၈ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ သိပ္ပံဘွဲ့ (စိုက်ပျိုးရေး) B.Sc (Agri) ဟု ခေါ်ဆိုခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိတွင်မူ စိုက်ပျိုးရေးပညာဘွဲ့ (B.Ag) ဟု ပြောင်းလဲခေါ်ဆိုခဲ့ကာ ၁၉၉၄ ခုနှစ်မှ ယနေ့အထိတွင်မူ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) ဟု ခေါ်ဆိုကြပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် ပထမနှစ် ကျောင်းသား ကျောင်းသူများအပြင် စိုက်ပျိုးရေး ဒီပလိုမာအောင်လက်မှတ်ရရှိထားသည့် ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် လုပ်ငန်းခွင်ထူးချွန် ဝန်ထမ်းများကိုလည်း တတိယနှစ်သင်တန်းတွင် ပေါင်းကူးတက်ရောက်ခွင့်ပြုခဲ့ပါသည်။ ဘွဲ့လွန် သင်တန်းများတွင် မဟာသိပ္ပံ (M.Agr.Sc)၊ မဟာ ဒဿန (M.Phil.)၊ ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma – PGD)၊ ပါရဂူ (Ph.D)၊ သုတေသနအခြေပြု ပါရဂူ (Research Based Ph.D) စသဖြင့် သင်တန်း သားများစွာကိုလည်း နှစ်စဉ် လက်ခံသင်ကြားပေးနေပါသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အဆင့်မြင့် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ရာတွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ၁၃၁၉၇ ဦး၊ မဟာသိပ္ပံဘွဲ့ရ (YAU) ၆၄၃ ဦး၊ မဟာသိပ္ပံဘွဲ့ရ (ACARE) ၄၀၊ ပါရဂူဘွဲ့ရ (YAU) ၆၉ ဦး၊ ပါရဂူဘွဲ့ရ (ACARE) ၁၀ ဦး၊ သုတေသနအခြေပြုပါရဂူဘွဲ့ရ ခြောက်ဦး၊ မဟာဒဿနဘွဲ့ရ ၁၁ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ၄၆ ဦးနှင့် ဘွဲ့လွန်ဒီပလိုမာ(စပါးအထူးပြု) ၂၄ ဦးတို့ကို ဘွဲ့အပ်နှင်းခဲ့ပြီးဖြစ်ပါသည်။ ယခုလက်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံ ၁၈၀၇ ဦး၊ မဟာသိပ္ပံ ၉၄ ဦး၊ ပါရဂူ ၄၁ ဦး၊ သုတေသန အခြေပြုပါရဂူ ၁၀ ဦး၊ မဟာဒဿန ငါးဦး၊ ဘွဲ့လွန် ဒီပလိုမာ ၁၄ ဦး တက်ရောက်ပညာသင်ကြားလျက် ရှိပါသည်။
သုတေသနသည် အဓိကအခန်းကဏ္ဍမှပါဝင်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်ရိုးညွှန်းတမ်းများတွင် သုတေသနသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး ဘွဲ့ရသုတေသနပြုလုပ်ခြင်း၊ သုတေသနကျမ်း ရေးသားပြုစုခြင်း၊ သုတေသနစာတမ်း ဖတ်ကြားတင်သွင်းခြင်းများကို ဆောင်ရွက်ပြီးစီးမှသာ သက်ဆိုင်ရာဘွဲ့ အသီးသီးကို အပ်နှင်းသည့် တက္ကသိုလ်ဖြစ်ပါသည်။ ဘွဲ့ကြိုသုတေသနများကို သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ အဖွဲ့လိုက်လုပ်ဆောင်ရသကဲ့သို့ ဘွဲ့လွန်သုတေသနများကိုလည်း နည်းပညာတိုးတက်မှု၊ တောင်သူနှင့် နိုင်ငံတော်ကို အကျိုးပြုမှုစသည့် ဦးတည်ချက်များဖြင့် လုပ်ဆောင်ကြပါသည်။
သုတေသနကျမ်း ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်အကြံပြုချက်များ၊ ပြင်ပစာစစ်ပုဂ္ဂိုလ်၏ သုံးသပ်ထောက်ပြမှုများကို ပြင်ဆင်စေခြင်းဖြင့် သုတေသနကျမ်းအရည်အသွေးကို မြှင့်တင်ထိန်းသိမ်း ကြပါသည်။ စိုက်ပျိုးရေးတက္ကသိုလ် သုတေသနဂျာနယ်ကို တစ်နှစ်လျှင် နှစ်စောင်ထုတ်ဝေပြီး သုတေသနရလဒ်များကိုလည်း တက္ကသိုလ်များ၊ သက်ဆိုင်ရာဌာနများနှင့် စာကြည့်တိုက်များသို့ ဖြန့်ဝေမှုပြုလုပ်ပါသည်။
ဘွဲ့ကြို၊ ဘွဲ့လွန် သုတေသနများအပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော ဌာနအလိုက် သုတေသနများ၊ သင်ကြားရေး ဆရာ ဆရာမများ၏ သုတေသနများအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ တောင်သူများနှင့် ပူးပေါင်းလုပ်ဆောင်သော သုတေ သနများလည်း စဉ်ဆက် မပြတ် ပြုလုပ်လျက်ရှိပါသည်။ တက္ကသိုလ်အတွင်း သုတေသန စာတမ်း ဖတ်ပွဲများကိုလည်း အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် ပုံမှန်ကျင်းပသကဲ့သို့ အခြားရက်များတွင်လည်း အခါအားလျော်စွာ ကျင်းပပြုလုပ်လျက် ရှိပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ နှစ် ၁၀၀ ခရီးတွင် ဆောင်ရွက်ခဲ့သော နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု စိုက်ပျိုးရေးဆိုင်ရာ ဘွဲ့လွန်သုတေသနများအား လေ့လာဆန်းစစ်ပါက ၁၉၇၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းတွင် သုတေသနကျမ်းပေါင်း ၉၅၅ ခု ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ အဆိုပါ သုတေသနများတွင် လယ်ယာသီးနှံ ပညာဆိုင်ရာ သုတေသနပေါင်း ၁၈၃ ခု (၁၉ ရာခိုင်နှုန်း)၊ အပင်မျိုးမွေးမြူရေး၊ ဇီဝကမ္မပဗေဒနှင့် ဂေဟဗေဒ ဆိုင်ရာသုတေသနပေါင်း ၁၆၈ ခု (၁၈ ရာခိုင်နှုန်း)၊ မြေဆီလွှာနှင့် ရေသိပ္ပံပညာဆိုင်ရာ သုတေသနပေါင်း ၁၂၅ ခု (၁၃ ရာခိုင်နှုန်း)၊ အပင်ရောဂါဗေဒဆိုင်ရာ သုတေ သနပေါင်း ၈၁ ခု (၈ ရာခိုင်နှုန်း)၊ ကိမိလဗေဒဆိုင်ရာ သုတေသနပေါင်း ၁၃၇ ခု (၁၄ ရာခိုင်နှုန်း)၊ ဥယျာဉ် ခြံသီးနှံပညာဆိုင်ရာ သုတေသနပေါင်း ၉၅ ခု (၁၀ ရာခိုင်နှုန်း)၊ စိုက်ပျိုးစီးပွားပညာဆိုင်ရာ သုတေ သနပေါင်း ၁၀၇ ခု (၁၁ ရာခိုင်နှုန်း)နှင့် အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန ဆိုင်ရာ သုတေသနပေါင်း ၅၉ ခု (၆ ရာခိုင်နှုန်း) ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ (ပုံ-၁)
စိုက်ပျိုးရေးပညာ နှစ် ၁၀၀ သုတေသနခရီးစဉ်၌ ဆောင်ရွက်ခဲ့သော သုတေသနများသည် မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သော ဆန်စပါးစိုက်ပျိုးမှုနှင့် သက်ဆိုင်သည့်သုတေသနပေါင်း ၃၀၂ ခု (၃၁ ဒသမ ၆ ရာခိုင်နှုန်း)နှင့် မြန်မာနိုင်ငံအနေဖြင့် အရှေ့ တောင်အာရှတွင် ဦးဆောင်နိုင်ငံအဖြစ် စိုက်ပျိုးနေသော ပဲမျိုးစုံဆိုင်ရာ သုတေသနပေါင်း ၁၄၅ ခု (၁၅ ဒသမ ၂ ရာခိုင်နှုန်း) တို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် စိုက်ပျိုးရေးကဏ္ဍ၏ ကုန်ကြမ်းများကိုအသုံးပြု၍ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံ၏စားသုံးကုန်နှင့် လူသုံးကုန်ချော ပစ္စည်းများအား ထုတ်လုပ်နိုင်မည့် ဝါသီးနှံ၊ ရော်ဘာနှင့် ကြံအစရှိသော စက်မှုကုန်ကြမ်းသီးနှံများဆိုင်ရာ သုတေသနပေါင်း ၉၀ (၉ ဒသမ ၄ ရာခိုင်နှုန်း)၊ လူသားတို့၏ နေ့စဉ်ဘဝတွင် စားသုံး ရန် အရေးကြီးသည့် ဟင်းသီးဟင်းရွက်ဆိုင်ရာ သုတေသနပေါင်း ၆၆ ခု (၆ ဒသမ ၉ ရာခိုင်နှုန်း)၊ နိုင်ငံတော်၏ စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုအတွက် အရေး ကြီးသော ဆီထွက်သီးနှံများဆိုင်ရာ သုတေသန ပေါင်း ၆၄ ခု (၆ ဒသမ ၇ ရာခိုင်နှုန်း) တို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အခြားနှံစားသီးနှံများ၊ သစ်သီးဝလံများ၊ စားဖိုဆောင်သီးနှံများ၊ ပန်းမန်များ၊ နှစ်ရှည်သီးနှံများ၊ ဥစားသီးနှံများ၊ ဈေးကွက်ဝင်သစ်သီးများနှင့် စားကျက်သီးနှံဆိုင်ရာ သုတေသနများကိုလည်း မလစ်လပ်စေဘဲ ဆောင်ရွက်ခဲ့ပါသည်။ (ပုံ-၂)
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထောင့်စုံဆောင်ရွက်
သီးနှံဆိုင်ရာသုတေသနများအပြင် စိုက်ပျိုးရေးဆိုင်ရာ ရေရှည်တည်တံ့သော တိုးတက်မှုနှင့် သက်ဆိုင်သည့် သုတေသနများ၊ ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော သုတေသနများ၊ အပင်ရောဂါပိုးမွှားဗေဒဆိုင်ရာ သုတေသနများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသည့် ကုန်သွယ်မှုဆိုင်ရာ ဆန်းစစ်လေ့လာခြင်း သုတေသနများကိုလည်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထောင့်စုံ ဆောင်ရွက်ခဲ့ပါသည်။(ပုံ-၂)
စိုက်ပျိုးရေးတက္ကသိုလ်တွင် ဆောင်ရွက်ခဲ့သော စိုက်ပျိုးရေးဆိုင်ရာ ပြည်သူ့အကျိုးပြု သုတေသနများကို ဘွဲ့လွန်ပညာသင်တန်းများ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၇၅ ခုနှစ်မှစတင်၍ ဆယ်စုနှစ်အလိုက် ဆောင်ရွက်မှုများကို ဆန်းစစ်လေ့လာရာတွင် ၁၉၇၅-၁၉၈၄ ခုနှစ်အတွင်း သုတေသနအရေအတွက် နည်းပါးခဲ့သော်လည်း ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် သုတေသနဆောင်ရွက်မှု အရှိန်အဟုန်မြင့်မားလာခဲ့သည်ကို (ပုံ-၃) တွင် လေ့လာ တွေ့ရှိနိုင်ပါသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်းတွင် နှစ် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့သည့် သုတေသနစုစုပေါင်း၏ (၃၆ ဒသမ ၇ ရာခိုင်နှုန်း)ကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ် ရာပြည့်နှစ်ကာလအထိ ဆောင်ရွက်ပြီးစီးခဲ့သော စိုက်ပျိုးရေးဆိုင်ရာ သုတေသနများမှာ သုတေသနရာပြည့် ခရီးစဉ်၏ (၄၄ ဒသမ ၅ ရာခိုင်နှုန်း) ရှိကြောင်း တွေ့ရှိရပါသည်။
စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံစီးပွားရေးကဏ္ဍဖြစ်သော စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင်အရေးပါသည့် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ရာ၌ စိုက်ပျိုးရေးနည်းပညာ၏ အခြေခံနိယာမများနှင့် နည်းစနစ်များကို ကောင်းမွန်စွာ သေချာနားလည်ပြီး လက်တွေ့လုပ်ငန်းများကို ပိုင်နိုင်ကျွမ်းကျင်သော မြန်မာနိုင်ငံ၏ တောင်သူများ လက်ရှိရင်ဆိုင်နေရသော အားသာချက်၊ အားနည်းချက်များကိုကိုယ်ချင်းစာနားလည်နိုင်သည့် စိုက်ပျိုး ရေးပညာရှင်များ ဖြစ်လာစေရန် အလေးထား လုပ်ဆောင်လျက်ရှိပါသည်။
စိုက်ပျိုးရေးတက္ကသိုလ်မှ မွေးထုတ်လိုက်သည့် ပညာရှင်များသည် သီအိုရီသဘောတရားများအပြင် လက်တွေ့ အခြေအနေများကို တွေးခေါ်သုံးသပ်ဆင်ခြင်မှုစွမ်းရည်နှင့် သုတေသနဆိုင်ရာ လေ့လာဆန်းစစ်မှု စွမ်းရည်မြင့်မားသော၊ သီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို အစဉ်ရှေးရှုသော နိုင်ငံအကျိုးပြုပညာရှင်များဖြစ်စေရန် ရည်ရွယ်၍ လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။
သုတေသနများဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံးအတွက် အရေးပါသော စိုက်ပျိုးသီးနှံများ၊ နိုင်ငံတော်၏ ဝင်ငွေကို တိုးပွားစေသော ပို့ကုန်သီးနှံများ၊ စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းအဖြစ် ပံ့ပိုးပေးနိုင်သော သီးနှံများ၊ ပြည်သူများ၏ နေ့စဉ်ဘဝတွင်အရေးကြီးသော စားသောက်ကုန်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် သဘာဝပတ်ဝန်းကျင်သဟဇာတဖြစ်စေပြီး ရေရှည်တည်တံ့ နိုင်သည့် စိုက်ပျိုးရေး ထုတ်လုပ်မှုနည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမှု ရှိသော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ စိုက်ပျိုးရေးဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်သည့် စိုက်ပျိုးစီးပွားဆိုင်ရာ၊ ကုန်သွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနများကို ဘက်စုံထောင့်စုံ ဆောင်ရွက်လျက်ရှိပြီး သုတေသနဆိုင်ရာ တွေးခေါ်လေ့လာဆန်းစစ်မှုကို အခြေခံသည့်မူဝါဒ ဖော်ဆောင်နိုင်မှုများကို ပံ့ပိုးပေးနိုင်သော စိုက်ပျိုး ရေးပညာရှင်များအဖြစ် လေ့ကျင့်သင်ကြားပေးသော စိုက်ပျိုးရေးတက္ကသိုလ်၏ နှစ် ၁၀၀ ခရီးစဉ်ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။