အလင်းရောင်(ဘသန်း)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေး၊ အကောက်ခွန်နှင့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေးနှင့် ပြည်သူများအတွက် ဘေးကင်းစိတ်ချရသည့် ကုန်စည်များ အာမခံချက် ပေးနိုင်ရေးတို့အတွက် တရားမဝင်ကုန်သွယ်မှုများ လုံးဝပပျောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံ၏ ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူတို့က အဓိကနေရာမှ ပါဝင်နေပါသည်။

 

နိုင်ငံ့ဝင်ငွေ ပိုမိုတိုးတက်ရရှိစေရေး

ကမ္ဘာ့နိုင်ငံများရှိ အစိုးရများအနေဖြင့်လည်း မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာသည့် တရားမဝင်ကုန်သွယ်မှုများကို ပပျောက်စေရန် အထူးအာရုံစိုက် ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် နိုင်ငံအတွင်း MSMEs နှင့် စက်မှုဇုန်များက သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုထုတ်လုပ်ရန်၊ နိုင်ငံ့ဝင်ငွေနှင့် သုံးစွဲငွေမျှတရန်အတွက် ပို့ကုန်တင်ပို့မှု ပိုမိုအားကောင်းစေရန်နှင့် ကုန်ကြမ်းပစ္စည်း များ တင်ပို့ခြင်းထက် စက်မှုထွက်ကုန်တစ်နည်းအားဖြင့် Value Added ကုန်ချောပစ္စည်းများ တင်ပို့ခြင်းဖြင့် နိုင်ငံ့ဝင်ငွေ ပိုမိုတိုးတက်ရရှိစေရေး ဆောင်ရွက်လျက်ရှိပါသည်။

 

 

ပြည်ပနိုင်ငံများတွင် စက်မှုထုတ်ကုန်ချောများ ဈေးကွက်လိုအပ်ချက်နှင့်အညီ အမြောက်အမြား ထုတ်လုပ်ကြသည့်အတွက် ပစ္စည်းတစ်ခုချင်း၏ ကုန်ကျမှုတန်ဖိုးအနေဖြင့် ပိုမိုသက်သာမှုရှိသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်း စက်မှုထုတ် ကုန်ချောများအနေဖြင့် ထုတ်လုပ်နိုင်မှု အားနည်းချက်၊ ကန့်သတ်ချက်များရှိခဲ့ပါက ပစ္စည်းတစ်ခုချင်း ကုန်ကျစရိတ်တန်ဖိုးအနေဖြင့် ဈေးနှုန်းကြီးမြင့်ပြီး ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ စက်မှုဇုန်ကုန်ထုတ်လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်။ ထို့ကြောင့် ပြည်တွင်းသုံးအပြင် ထုတ်လုပ်ကုန်ချော ပစ္စည်းများကို ပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပမှ တရားမဝင် ကုန်ချောပစ္စည်းများ တင်သွင်းလာမှုကိုလည်း စနစ်တကျတားဆီး စစ်ဆေးအရေးယူ ရပေမည်။

 

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင်ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင် စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တရားမဝင်ကုန်သွယ်မှု တားဆီးရေးလုပ်ငန်းများကို ထိထိ ရောက်ရောက် တားဆီးသွားရန် လိုအပ်လာမည်ဖြစ်သည်။ ယခင်ခေတ်အဆက်ဆက်တွင် အခွန် ရှောင်တိမ်းမှုများကြောင့် မှောင်ခိုဈေးကွက်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုခေတ်က အခေါ် အဝေါ်အရ မှောင်ခိုဈေးကွက်မှာ ယခုခေတ်တွင် တရားမဝင်ကုန်သွယ်မှုဖြစ်သည်။ နိုင်ငံတော်ကို အမှန်တကယ် ပေးသွင်းရမည့် အခွန်ငွေကို ရှောင်လွှဲလိုခြင်းဖြင့် တရားမဝင်ကုန်သွယ်မှု ပြုနေခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။

 

ဆုကြေးချီးမြှင့်ရေး ဆောင်ရွက်

တရားမဝင်ဝင်ရောက်မှုများကို တားဆီးဆောင်ရွက်ခြင်းမှာ အကြမ်းဖက်အဖျက်သမားတို့၏ တရားမဝင်လက်နက်ခဲယမ်းများ တင်သွင်းခြင်းကိုလည်း တားဆီးသည့်လုပ်ဆောင်မှုမျိုး ဖြစ်ခြင်းကြောင့် လုံခြုံရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ တရားမဝင် ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံခြားငွေ ယိုစီးမှုများကို တားဆီးနိုင်ခဲ့သည်။ ထို့ပြင် တရားမဝင် သစ်ထုတ်လုပ်မှုများကို တားဆီးနိုင်မှုကြောင့် နိုင်ငံ့ဘဏ္ဍာ‌ငွေ လေလွင့်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည့်အပြင် သစ်တောထိန်းသိမ်းရေးအတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် အရေးယူလျက်ရှိသကဲ့သို့ စုံစမ်းထောက်လှမ်း ရှာဖွေဖမ်းဆီးသည့် အဖွဲ့များကိုလည်း သတ်မှတ်ရာခိုင်နှုန်းဖြင့် ဆုကြေးချီးမြှင့်ရေး ဆောင်ရွက်လျက်ရှိသည်။

 

“အမျိုးသားရေးတာဝန်” တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်

တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက် ရရှိမည့်အခွန်အခများ ဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ခြင်း၊ နိုင်ငံတော်ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြား ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ ကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင် အတုအပများ၊ သက်တမ်းလွန် ကုန်စည်များကြောင့် သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ခြင်း စသည့်ဆိုးကျိုးများအပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက်ကျဆင်း စေနိုင်ခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ဆောင်ရွက်ရာတွင် မိမိတို့ အားလုံးက “အမျိုးသားရေးတာဝန်” တစ်ရပ်အဖြစ် သတ်မှတ် ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

 

သတင်းပေးသူများကို ဆုကြေးငွေ မြန်မြန်ဆန်ဆန် ချီးမြှင့်ပေးခဲ့ပြီး သတင်းကွန်ရက် တည်ဆောက်ထားရန်နှင့် ရရှိလာသည့်သတင်းများကို အကျိုးရှိစွာ အသုံးချတားဆီးစစ်ဆေး အရေးယူကြရန် လိုအပ်ပါသည်။

 

သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများကြောင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာ ဆုံးရှုံးနေရသည်ကို သိရှိကြပြီး တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းဖြင့် နိုင်ငံ၏ လူမှု စီးပွားရေးကဏ္ဍများကို ဝိုင်းဝန်းမြှင့်တင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။