နေပြည်တော်၊ ဒီဇင်ဘာ - ၉
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းများတွင် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ အခန်းကဏ္ဍနှင့် စပ်လျဉ်းပြီး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒီဇင်ဘာ (၉) ရက်ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၀၃ ခုနှစ်တွင်စတင် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ ဦးတည်ချက်မှာ “ဖြောင့်မတ် တည်ကြည်သော အနာဂတ်ဖော်ဆောင်ဖို့၊ အဂတိတိုက်ဖျက် လူငယ်များနှင့် လက်ချင်း ဆက်ကြပါစို့ (Uniting with Youth against Corruption: Shaping Tomorrow’s Integrity)” ဖြစ်ကြောင်း၊ အဆိုပါဆောင်ပုဒ်သည် မိမိတို့မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ၂၀၂၂ ခုနှစ်က စတင်ဆောင်ရွက်နေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ်အသိပညာပေး အစီအစဉ်နှင့် စကားဝိုင်းဆွေးနွေးပွဲများ၊ ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်ချက်များ၏ ဦးတည် ရည်မှန်းချက်များနှင့် တူညီနေကြောင်း၊ ကော်မရှင်၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်ကို တွေ့ရှိရကြောင်း။
အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေကြောင်း၊ ထို့ပြင်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ လက်တွေ့တွင်လည်း အဆိုပါအယူအဆ မှန်ကန်နေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
အဂတိလိုက်စားမှုပြဿနာသည် မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည့် ရောဂါဆိုးတစ်ခုဖြစ်နေကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရပိုင်းများသာမက ပုဂ္ဂလိကပိုင်းနှင့် အမြတ်အစွန်းမဟုတ်သည့် အချို့ကုသိုလ်ဖြစ် လှူဒါန်းရေးအဖွဲ့များတွင်ပါ အမြစ်တွယ်လာနေသည့် ပြဿနာတစ်ခုဖြစ်ကြောင်း။
အဂတိလိုက်စားမှုဆိုသည်ကို သာမန်အားဖြင့် လာဘ်ပေးလာဘ်ယူမှုလောက်သာ ထင်မှတ် ကြသော်လည်း အမှန်တကယ်မှာ လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီး ဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တကိုရယူခြင်း စသည်များသည် အဂတိလိုက်စားမှုများပင် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများကျူးလွန်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးခြင်းများ ဖြစ်ပေါ်လာစေကြောင်း၊ ထို့အပြင်တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု၊ ရောဂါဆိုးကြီး တစ်ခုဟု ဆိုနိုင်ကြောင်း။
မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင်အရေးကြီးသည့် အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံတော်အတွက် စိတ်ရင်းစေတနာကောင်းကိုအရင်းခံပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း။
ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့်ပူးပေါင်းပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment အစီအစဉ်များ၊ လူငယ်စကားဝိုင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ကို ကျေနပ်အားရဖွယ် တွေ့ရှိရကြောင်း၊ မျိုးဆက်သစ်လူငယ်များကြားတွင် အဂတိလိုက်စားမှုကို မနှစ်သက်၊ ရှက်ရွံ့ ဆန့်ကျင်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူများတွင် ချစ်ခြင်း၊ မုန်းခြင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ ဘယာစသည့် စိတ်အညစ်အကြေးများကြောင့် အဂတိမှုကျူးလွန်လာကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများကို ငယ်ရွယ်စဉ်ကစပြီး အဂတိကင်းရှင်းစေရန်၊ စိတ်ထားဖြူစင် သန့်ရှင်းစေရန်အတွက် လူ့ဂုဏ်သိက္ခာနှင့် လူမှုကျင့်ဝတ်များကို သွန်သင်ပြသဆုံးမပေးကြရန် လိုအပ်ကြောင်း။
အဂတိလိုက်စားမှုနှင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် အတိအကျ ထည့်သွင်းပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု ကျုးလွန်သူများကို တရားစွဲဆို အရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ဥပဒေနှင့်အညီ တိတိကျကျထိရောက်အောင် ဆောင်ရွက်ကြရန် လိုအပ်သည်ကို အသိပေးမှာကြားလိုကြောင်း။
“အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ကော်မရှင်၏ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှု ကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာစေရန် အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းက အဂတိကို ပယ်ခွာပြီး မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် သာယာအောင် ဝိုင်းဝန်းဆောင်ရွက် သွားကြရန် လေးလေးနက်နက် တိုက်တွန်းအပ်ကြောင်း။
မိမိတို့အစိုးရက ချမှတ်ထားသော “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံနှင့်တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးကိုရှေးရှုပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ချမှတ်ထားသည့် ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် မူဝါဒများကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုများ ကင်းရှင်းစေရန်အတွက် အားလုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားရင်း (၂၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုစကာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တံဆိပ်အား ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



.jpg)


