ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး

 

 

နေပြည်တော် ဒီဇင်ဘာ ၁၀

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဦးဆောင်သော ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံတို့သည် ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲနှင့်အဖွဲ့အား နေပြည်တော်ရှိ M Gallery Hotel ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ကာလ်မီးကီယာ ပြည်နယ်၌ ကျင်းပမည့် (၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံနိုင်ရေး၊ စိုက်ပျိုးရေး နည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ အပြန်အလှန်မျှဝေပေးနိုင်ရေး၊ ရုရှားတက္ကသိုလ်များတွင် မြန်မာဘာသာစကားထည့်သွင်း သင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာတော်သင်များ အပြန်အလှန်စေလွှတ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကာလ်မီးကီယာပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲ၍ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူး‌ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

ညနေပိုင်းတွင် ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းကပ်လှူပူဇော်၍ အလှူငွေများလှူဒါန်းကြပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ရတနာဆင်ဖြူတော်အဆောင်ရှိ ဆင်ဖြူတော်များကို အာဟာရ ဖြည့်စွက်စာများ ကျွေးမွေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲ နှင့်အဖွဲ့အား M Gallery Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံရာ ဧည့်ခံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ထို့နောက် ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်လေ့လာကြည့်ရှုကြကြောင်း သိရသည်။

 

သတင်းစဉ်