မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်တို့သည် ဒီမိုကရေစီ၏ အချက်အချာပင်ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက မိမိ၏ယုံကြည်ချက်ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်တို့ကို ဆောင်ရွက်ခွင့်ရှိသည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

 

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်တို့သည် လူ့အခွင့်အရေးဖြစ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းခွင့်ပြုပေးထားသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးပင် ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့်လည်းကောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့်လည်းကောင်း အခွင့်အရေးများကို ကျင့်သုံးရာတွင် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု လေးစားရန် လိုအပ်သကဲ့သို့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းနိုင်ရန်လိုသည်။ လွတ်လပ် ခွင့်နှင့်အတူ တာဝန်များပါရှိနေခြင်းဖြစ်သည်။

 

ယနေ့ကာလ မိမိတို့နိုင်ငံသည် သာမန်မဟုတ်သည့်အခြေ အနေတစ်ရပ်ကို ဖြတ်သန်းနေရပြီး နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ဆောင်ရွက်ချက်များကို အဖျက်အဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများစွာကြားမှ ကြိုးပမ်းလုပ်ကိုင်နေရချိန်ဖြစ်သည်။ မိမိတို့နိုင်ငံနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာအချို့နှင့် ပြည်ပြေးမီဒီယာများက နိုင်ငံအတွင်း မငြိမ်မသက်မှုများ ပိုမိုကြီးမားလာစေရန်၊ လူမျိုးရေး၊ ဘာသာရေးစသည့် အခြေခံအကြောင်းအမျိုးမျိုးဖြင့် ပြည်သူလူထု အကြား အမုန်းတရားများဖြစ်ပေါ်လာစေရန်၊ ပဋိပက္ခများဖြစ်ပေါ်လာစေရန်၊ နိုင်ငံပြိုကွဲပျက်စီးစေရန်အထိ ရည်ရွယ်ကာ သတင်းတု၊ သတင်းမှားများအပါအဝင် မီဒီယာနည်းလမ်းများဖြင့် ပြုလုပ်နေကြသည်ကို တွေ့ရှိနိုင်သည်။

 

သတင်းမီဒီယာသမားများအနေဖြင့် မိမိတို့တစ်ဦးချင်းသည် မည်သို့သော အယူဝါဒကို ယုံကြည်သည်၊ စွဲကိုင်သည်ဖြစ်စေကာမူ သတင်းမီဒီယာသမားတို့၏ သီလဖြစ်သော ကျင့်ဝတ်များကို စောင့်ထိန်းကြရန် လိုသည်။ ထို့အပြင် နိုင်ငံနှင့်ပြည်သူအများစုကြီး၏ အကျိုးကို စောင့်ရှောက်ကာကွယ်ကြရန်လိုသကဲ့သို့ ဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားတို့ ပြည့်ဝကြရန်လည်းလိုသည်။ နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံဘဝတွင် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြာလာအောင် သတင်းစာများမှ နှိုးဆော် ပေးခဲ့ကြသကဲ့သို့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုများတွင်လည်း ထိုခေတ်မြန်မာသတင်းစာဆရာကြီးများ၏ ပါဝင်ဆောင်ရွက်ခဲ့ ကြသည်မှာ နှောင်းခေတ်သတင်းမီဒီယာသမားတို့ အတုယူကြ ဖွယ်ပင်ဖြစ်သည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြု ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် “စတုတ္ထမဏ္ဍိုင် ဟု အမည်ခံထားကြသည့် သတင်းမီဒီယာ သမားများအနေဖြင့် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို သမာသမတ်ကျကျ၊ မျှမျှတတ ရေးသားဖော်ပြထုတ်လွှင့်ပေးကြရန်၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ အသုံးချ လက်ကိုင်တုတ်မှ အဖြစ်မခံဘဲ နှောင်ကြိုးမဲ့စွာ ဆောင်ရွက်ပေးကြရန်၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူ အကျိုးကို ဦးထိပ်ထားပေးကြရန်၊ လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်း၊ အရောင်အသွေး ကင်းကင်းဖြင့် သတင်းမီဒီယာလောကအကျိုး သယ်ပိုးပေးကြရန်၊ တိုင်းပြည်မငြိမ်သက်အောင်၊ ဆူပူအုံကြွ အောင် သွေးထိုးမှိုင်းတိုက်ထုတ်လွှင့်နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင် တားမြစ်ပေးကြရန်”တို့ကို တိုက်တွန်းပြောကြားခဲ့သည်။

 

သတင်းမီဒီယာများသည် အကြီးများဆုံးသော လူမှုရေးရာအင်အားဖြစ်သည့်အလျောက် သတင်းမီဒီယာတို့တွင် လူမှုရေးရာဝတ္တရားနှင့် လူမှုရေးရာတာဝန်ရှိမှုတို့လည်းရှိသည်ဟု သတင်း စာဆရာကြီးများ၏ အဆိုအမိန့်ရှိသည်။ သတင်းမီဒီယာသမားများ ဖြစ်လာသည့်အခါ ယုံကြည်စိတ်ချမှု၊ ရိုးသားမှုနှင့်ဘက်မလိုက်မှုတို့ လိုအပ်သလို ယေဘုယျလူအများစုကြီး၏ အကျိုးကိုရှေးရှုကြရမည် ဖြစ်သည့်အလျောက် သတင်းမီဒီယာဖြင့် တိုင်းကျိုး၊ ပြည်ကျိုး၊ အများပြည်သူအကျိုး ဆောင်နိုင်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း