ဒီဇင်ဘာ ၁၂
ဗီယက်နမ်ကော်ဖီပျမ်းမျှဈေးနှုန်း ၅၀ ရာခိုင်နှုန်းမြင့်တက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကော်ဖီပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရရှိနိုင်ခြေရှိသည်ဟု ဗီယက်နမ်ကော်ဖီနှင့်ကိုကိုးအသင်း၏ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာက ယနေ့ဖော်ပြထားသည်။
ယခုနှစ်ကော်ဖီပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိရရှိမည်ဟု ခန့်မှန်းထားကြောင်း ထိုအသင်းက ပြောကြားသည်။
ဗီယက်နမ်ကော်ဖီဈေးနှုန်းသည် နိုင်ငံတကာဈေးကွက်တွင် ၁၀ လတာကာလအတွင်း ၉၀ ရာခိုင်နှုန်းကျော် မြင့်မားခဲ့သည်။ ဇန်နဝါရီလက ကော်ဖီတန်ချိန်တစ်တန်လျှင် ဒေါ်လာ ၃၀၀၀ ရှိရာမှ အောက်တိုဘာလတွင် ကော်ဖီတန်ချိန်တစ်တန်လျှင် ၅၈၅၅ ဒေါ်လာအထိ မြင့်တက်လာသည်ဟု ထိုအသင်းကဆိုသည်။
ယခုနှစ်ပထမ ၁၁ လအတွင်း ကော်ဖီပျမ်းမျှဈေးနှုန်းသည် ယခင်နှစ်ကထက် ၅၆ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ကော်ဖီတစ်တန်လျှင် ၄၀၃၇ ဒေါ်လာအထိရှိကြောင်း ဖော်ပြထားသည်။
၂၀၂၃မှ ၂၀၂၄ ခုနှစ်အတွင်း ကော်ဖီပို့ကုန်တန်ချိန် ၁ ဒသမ ၄၆ သန်းခန့်ရှိရာ ဝင်ငွေ ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံ ရရှိသည်ဟုသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို