နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ စက္ကူစက်ရုံ (ရေနီ) သို့ ရောက်ရှိပြီး စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ လက်ဝါးကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက တန် (၂၀) စက္ကူစက်ရုံ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ တန် (၈၀) စက်ရုံလည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်း လိုအပ်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ကောက်ရိုးပျော့ဖတ်ထုတ်လုပ်သည့် လုပ်ငန်းကို ရေရှည်စဉ်ဆက်မပြတ် အောင်မြင်အောင် ဆက်လက်ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ ကောက်ရိုးပျော့ဖတ်အတွက် ပျော့ဖတ်ချက်စက်ကို တီထွင်ထုတ်လုပ်လျက် ရှိရာ ၎င်းစက်တီထွင်မှုလုပ်ငန်း အောင်မြင်မှုရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တန် (၈၀) စက္ကူစက်ရုံ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို Time Line Schedule နှင့်တကွ ရေးဆွဲတင်ပြသွားရန်လိုကြောင်း၊ ပြည်တွင်း၌ အသုံးပြုနေသော စက္ကူလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တန် (၂၀) စက္ကူစက်ရုံ၏ စက်လည်ပတ်နေမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများ၊ တန် (၈၀) စက္ကူစက်ရုံ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်