ပဲခူး ၇  မတ်

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ ယမန်နေ့က ရှေးဟောင်းကျုံးတူးဖော်နေမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပဲခူးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပဲခူးမြို့ ရှေးဟောင်းကျုံး၊ ကျုံးပတ်လမ်းနှင့်မြို့ရိုးပြန်လည်တူးဖော်နေမှုများ၊ မြို့ရိုးတူးမှုမှ ရရှိသည့် ရှေးဟောင်းပစ္စည်းများ တစ်ခုချင်းစီ မှတ်တမ်းတင်ထားရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှေးဟောင်းကျုံး၊ ကျုံးပတ်လမ်းနှင့် မြို့ရိုးပြန်လည်တူးဖော်မှုသည် ပဲခူးမြို့အတွက် အလွန်ကောင်းမွန်သော ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ တူးဖော်မှုများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် အပိုင်းအလိုက် စနစ်တကျဆောင်ရွက်ရန်၊ တူးဖော်ပြီးစီးပါကလည်း ပြည်တွင်း ပြည်ပ ခရီးသွားများ လွယ်ကူစွာသိရှိစေရန် ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်၍ အချက်အလက်များ ထားရှိသွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း များကိုလည်း စနစ်တကျ နှစ်အပိုင်းအခြားအလိုက် ဖော်ပြရန်မှာကြားခဲ့သည်။

 

အဆိုပါတူးဖော်မှုသည် မြို့အဝင်/အထွက် ဂိတ်တံခါး ၂၀ အနက်မှ သိန္နီတံခါးအနီးရှိ မြို့ရိုးပေါက်ကို တူးဖော်နေခြင်းဖြစ်ပြီး တူးဖော်ရရှိသည့် ပစ္စည်းများမှ တိရစ္ဆာန်ခြေရာပါ ရှေးဟောင်းအုတ်ချပ်များ၊ မြေအိုးအပိုင်းအစများ၊ စဉ့်အိုးအပိုင်းအစများ၊ မြေဆေးတံအပိုင်းအစများ၊ မြေထည်ပစ္စည်းအမျိုးမျိုး၊ ဓား အပိုင်းအစများနှင့် မြင်းသံခွာတို့ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ကြီး(၉) ညောင်အင်းမြောက် လဖျော်ရိုးကွင်းအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မည့် မြေဧရိယာဧက ၂၂၀ ကို သွားရောက်ကြည့်ရှုခဲ့ပြီး ယင်းမြေနေရာတွင် အဆင်မြင့်စက်မှုဥယျာဉ်နှင့် မြို့ပြစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)