နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံ ဌာနခွဲ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေး ပညာပေးသင်တန်းကျောင်း (၁၀မိုင်) သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် တောင်သူများအား စီးပွားဖြစ် မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်အတွက် နည်းပညာများ ဖြန့်ဖြူးပေးနိုင်ရေး၊ သုတေသနပြုခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် ဆွေးနွေးပြောကြားကာ ခြံအတွင်းငွေနှင်းမှို၊ ကြွက်နားရွက်မှိုနှင့် ကောက်ရိုးမှို မျိုးပုလင်း မျိုးထုပ်များကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဥ်ခြံဟင်း သီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) သို့ရောက်ရှိပြီး ဓါတ်ခွဲခန်းသုတေသနများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အောက်ခံပင်အမျိုးမျိုးပေါ်တွင် စိန်တလုံးနှင့် ပတ္တမြားငမောက် သရက်အား ကိုင်းဆက်၍ Off Season စမ်းသပ်စိုက်ပျိုးခြင်းကို ကြည့်ရှုစစ်ဆေးသည်။

 

ဒီဇင်ဘာ (၁၁) ရက်နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ပျားအုံ ထုတ်လုပ်‌ရေးစက်ရုံနှင့် ပျားရည်သန့်စင်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ) တွင် ဆောင်ရွက်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် မျိုးနွားသိုး မျိုးရည်ခဲချောင်း ထုတ်လုပ်နေမှု၊ မင်္ဂလာဒုံမြို့နယ်ရှိ Smile Happy Company LimiTed ၏ ပျားရည် ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၄၆) မိုင် (၂) ဖာလုံအနီးရှိ ဝါးကတုတ် ရေလှောင်တမံ၌ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး ဦးစီးမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၄-၂၀၂၅ ခုနှစ် ရေရရှိရေး နည်းလမ်းအလိုက် နွေစပါး စိုက်ပျိုးရေ ပေးဝေနိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများ၊ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ၌ ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း၏အရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ဆည်‌ရေသောက်စနစ်နှင့် ရေဘေးကာကွယ်ရေးတာများ ပျက်စီးမှုနှင့် ပြုပြင်ပြီးစီးမှုအခြေအနေမျာ၊ ရေဘေးကာကွယ်ရေးတာများ ပြုပြင်ဆောင်ရွက်မှုအခြေအနေများ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်