နေပြည်တော် ဒီဇင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ရေကြီး ရေလျှံ မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြစ်ရေတင်လုပ်ငန်း၊ ရေပေးမြောင်းနှင့် ရေထိန်းတမံပြုပြင် ဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရှားစေးဖို ကျေးရွာရှိ စစ်တောင်းမြစ်ရေတင်စက်ရုံနှင့် ရေပေးမြောင်းပြုပြင်မွမ်းမံပြီးစီးမှု၊ ဒေသခံ တောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ နွေသီးနှံရေပေးဝေခဲ့မှုနှင့် ၂၀၂၄-၂၀၂၅ နွေသီးနှံ စိုက်ပျိုးရာသီရေပေးဝေရန် စီမံဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရေဝေချောင်း (ပိတောက်ချောင်း) နှင့် ကျောက်ဆည်ချောင်း (ငါးရံ့ချောင်း) တို့အပေါ်တွင် တည်ဆောက်ထားသော ကင်းသာရေထိန်းတမံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းအလိုက် ကြည့်ရှုစစ်ဆေးပြီး တမံရေဝပ်ဧရိယာရှိ သဲနုန်းများ ဖယ်ရှားရှင်းလင်း၍ မူလရေလှောင် ပမာဏပြည့် သိုလှောင်နိုင်ရေး၊ ရေတားတမံ ရေဝင်လမ်းကြောင်းပေါ်တွင် နုန်းတားတမံ တည်ဆောက်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် တမံမျက်နှာပြင် ထပ်မံထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ကင်းသာရေထိန်းတမံ ပြုပြင်မှုသည် လုပ်ငန်းအားလုံး၏ ၁၅ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးအောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဏ္ဏမာကျေးရွာတွင် မြေအောက်ရေဖြင့် မိုးစပါးစိုက်ကွင်း တစ်ကွင်းတစ်စပ်တည်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် နေရောင်ခြည် စွမ်းအင်သုံး၍ စက်ရေတွင်းဖြင့် ရေတင်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်


