နေပြည်တော် ဒီဇင်ဘာ ၁၂

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်‌သောအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်နှင့် ကောလိပ်များသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း စိန်ရတု (၇၅) နှစ်ပြည့် ၂၀၂၅ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာကဏ္ဍဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ဆွေးနွေးပြီး သုတေသန ပရောဂျက်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နံနက်ပိုင်း၌ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နည်းပညာများ မျှဝေဖလှယ်ရေး၊ ပညာတော်သင်များ စေလွှတ်‌ရေးတို့ကို အဖွဲ့လိုက် အသေးစိတ်ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လီသီယမ်အိုင်းရွမ်း ဘက်ထရီနှင့် ဒြပ်ပစ္စည်းနည်းပညာ အမျိုးသား သုတေသနဌာနရှိ Lab ခန်းများတွင် ဆရာနှင့် ကျောင်းသားများ၏ အဖွဲ့လိုက် အဆင့်မြင့်ကိရိယာများဖြင့် သုတေသနပြုလုပ်နေမှု၊ ဒြပ်ပစ္စည်း သိပ္ပံဌာန၌ စွန့်ပစ်ဘက်ထရီနှင့် သတ္တုကုန်ကြမ်းများကို သန့်စင်သော သုတေသနပြုလုပ်နေမှုနှင့် သုတေသနရလဒ်များကို လေ့လာခဲ့သည်။

 

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယူနန်နည်းပညာကောလိပ် (ယူနန်စက်မှုနှင့် ကုန်သွယ်ရေး သက်မွေးပညာကောလိပ်) သို့ ရောက်ရှိပြီး ဌာနများ၌ သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးနေမှု၊ စစ်မှုထမ်း‌ဟောင်းများအတွက် သက်မွေးပညာရပ်များကို လေ့ကျင့် သင်ကြားပေးနေမှုနှင့် ပြည်တွင်း/ပြည်ပပူး ပေါင်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကမ္ဘာ့အဆင့် နည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင် နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၏ စက်ရုပ်နည်းပညာပရောဂျက်များဖြင့် ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများ၊ Automation စက်များကို ကျောင်းသား တစ်ဦးစီက တပ်ဆင်နေမှုများ၊ အလုပ်ရုံများ၌ စက်မှုဇုန်သုံးစက်များဖြင့် ကျောင်းသားများ လေ့ကျင့်နေမှုများ၊ Robotic ကိုယ်ထည်ပြုလုပ်ရန် ကျောင်းသားများက CNC စက်များဖြင့် ခုတ်စားနေမှုများ၊ ပြတိုက်တွင်သမိုင်းမှတ်တမ်းများ၊ ကမ္ဘာ့အဆင့်နည်းပညာဆုများကို ကျောင်းသားများက ရရှိမှုမှတ်တမ်းများကို လှည့်လည်လေ့လာခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် အဖွဲ့လိုက် ရင်းနှီးပွင့်လင်းစွာ နည်းပညာများ မျှဝေဖလှယ်နိုင်ရေး အသေးစိတ်ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဥ်