နေပြည်တော် ဒီဇင်ဘာ ၁၂

 

ကျန်းမာရေးဝန်ကြီးဌာနသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျောက်ကပ် အစားထိုးရန် လိုအပ်သော ကျောက်ကပ်ရောဂါ လူနာအတွက် ပထမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ယမန်နေ့က ဆောင်ရွက်နိုင်ခဲ့သည်။

 

ထိုကဲ့သို့ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ် အလှူရှင်တို့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများကို လိုအပ်သည်များ မှာကြားသည်။

 

ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာသည် ပျဉ်းမနားမြို့နယ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးဖြစ်ပြီး ကျောက်ကပ်ကို ၎င်း၏ဖခင်က လှူဒါန်းပေးခဲ့ခြင်းဖြစ်ကာ ယခုအခါ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဆေးရုံအထူးကြပ်မတ် ကုသဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့်အတွက် လူနာနှင့် ကျောက်ကပ်အလှူရှင် နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်။

 

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် လစဉ် ပုံမှန်ဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုအခါ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌လည်း ပုံမှန်ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျောက်ကပ်ရောဂါလူနာကို ခွဲစိတ်ကုသခဲ့ရာ၌ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ရန်ကုန်မြို့ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာကျော်စိုးကျော်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာသဇင်ခိုင်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာလမင်းဝင်း၊ နေပြည်တော်အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဒုတိယ ဗိုလ်မှူးကြီးရန်နိုင်ဝင်းတို့က ဦးဆောင်၍လည်းကောင်း။

 

ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို ရန်ကုန်မြို့ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ ဝင်းဝင်းလှိုင်၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခ ဒေါက်တာခင်သီတာသွင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ ဒေါက်တာရည်ရည်ခိုင်တို့က ဦးဆောင်၍လည်းကောင်း၊ နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဝင်းဝင်းကျော်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာသတိုးသိန်းဇံနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါရဂူ ဒုတိယဗိုလ်မှူးကြီးကျော်သူရ၊ ဒုတိယဗိုလ်မှူးကြီး မျိုးဆွေဌေးတို့က ဦးဆောင်၍လည်းကောင်း။

 

မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမူမူနိုင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ ဒေါက်တာ နုနုမေ၊ ပါမောက္ခ/ဌာနမှူး (ငြိမ်း) ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ တွဲဖက်ပါမောက္ခဒေါက်တာမောင်မောင်ဆွေတို့က ဦးဆောင်၍လည်းကောင်း၊ ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့နှင့် သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့ကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ (ရောဂါဗေဒ) ဒေါက်တာစန်းစန္ဒာခင်၊ တွဲဖက်ပါမောက္ခ (အဏုဇီဝ) ဒေါက်တာခိုင်ဝင်းထွန်းနှင့် အထူးကုဆရာဝန်ကြီး (သွေးဗေဒ) ဒေါက်တာမီမီခိုင်တို့က ဦးဆောင်၍လည်းကောင်း၊ ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခဒေါက်တာခိုင်ရွှေဝါနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခဒေါက်တာသဇင်သန်းတို့က ဦးဆောင်၍ လည်းကောင်း ခွဲစိတ်ကုသပေးခဲ့ကြသည်။

 

ထို့အတူ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့် ဦးဆောင်သော ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူး (သူနာပြုအုပ်ကြီး) ဒေါ်စောရွှေနှင့် သူနာပြုများ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ ကျွမ်းကျင်သူနာပြုဆရာမကြီးဖြစ်သော ဒေါ်ကေသီနွယ် ဦးဆောင်သော သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်