နေပြည်တော်၊ ဒီဇင်ဘာ - ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
ထိုသို့ အားပေးစကားပြောကြားရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည်လည်း အဖွဲ့ဝင်များလိုက်ပါ၍ သားဖွားမီးယပ်နှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များကို တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံအားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရှေးဟောင်းတပ်မတော် ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့သို့ ရောက်ရှိကြပြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရှေးဟောင်းအဆောက်အဦများ ဖြစ်သည့်အတွက် မူလပုံစံမပျက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် အခြေအနေများ၊ ထိန်းသိမ်းမှု ဆောင်ရွက်ရာတွင် ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရှေးဟောင်းလက်ရာ ပစ္စည်းများကိုသာ အတတ်နိုင်ဆုံး ရှာဖွေထည့်သွင်း သုံးစွဲရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအားမှာကြားခဲ့ပြီး ဧည့်ရိပ်သာများ၏ အတွင်းပိုင်းနှင့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ပြင်ဦးလွင်မြို့ရှိ အခြားရှေးဟောင်းအဆောက်အဦများကိုလည်း စနစ်တကျထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဆောင်ရွက်သွားရန်အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


