လုပ်သားမောင်
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း အပိုဒ် ၃၃ ကို ကျင့်သုံးပြီး မြန်မာနိုင်ငံအပေါ် အရေးယူမယ့်ဆုံးဖြတ်ချက်အဆို (မူကြမ်း)ကို ၂၀၂၅ ခုနှစ် မတ်လမှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်မယ့် ILO ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးကို တင်သွင်းမယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၈-၅-၁၉၄၈ ရက်နေ့မှာ ILO ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ILO ရဲ့ ပြဋ္ဌာန်းချက် ၁၉၁ ခုအနက် ၁၉ ခုကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ILO ရဲ့ အခြေခံပြဋ္ဌာန်း ချက် (Fundamental/Core Convention) ၁၀ ခု မှာ အဖွဲ့ဝင်နိုင်ငံတိုင်း အတည်ပြုလက်ခံထားခြင်း မရှိစေကာမူ မဖြစ်မနေ လိုက်နာကျင့်သုံးရမယ့် ပြဋ္ဌာန်းချက်ထဲမှာ ပါဝင်တဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ် (၂၉) (Forced La-bour Convention No.29)၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇) (Freedom of Association and the Protection of the Right to Organize Convention No.87) တို့ကို မြန်မာနိုင်ငံက ၄-၃-၁၉၅၅ ခုနှစ်က စတင်လက်ခံကျင့်သုံးပြီး လိုက်နာဆောင်ရွက်ခဲ့ပေမယ့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၂၉) ကို လိုက်နာဖို့ ပျက်ကွက်ကြောင်း စွပ်စွဲချက်နဲ့ ILO က ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေး ရေးကော်မရှင် (COI)ကို ဖွဲ့စည်းခဲ့ပါတယ်။ ပြီးနောက် ILO ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း၊ အပိုဒ် ၃၃ ကိုကျင့်သုံးကာ ၂၀၀၀ ပြည့်နှစ် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) မှာ မြန်မာနိုင်ငံအပေါ် အရေးယူတဲ့ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာကို လေ့လာသိရှိရပါတယ်။
ဒီလို ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာကြောင့် အလုပ်သမားရေးရာနဲ့ဆက်နွှယ်ပြီး မြန်မာနိုင်ငံမှာ လူမှုစီးပွားဖွံ့ဖြိုးမှုကို များစွာအကျိုးသက်ရောက်မှု ဖြစ်ခဲ့ရတဲ့အတွက် နိုင်ငံတော်အစိုးရက အဓမ္မခိုင်းစေမှု ပပျောက်ရေးဆောင်ရွက်ရာမှာ ပိုမို ထိရောက်စေရေး အထောက်အကူပြုနိုင်ဖို့ မြန်မာနိုင်ငံမှာ ILO ဆက်သွယ်ရေး အရာရှိတစ်ဦးထားရှိဖို့ အစိုးရနဲ့ ILO တို့အကြား ၂၀၀၂ ခုနှစ်က နားလည်မှု စာချွန်လွှာရေးထိုး ပူးပေါင်းဆောင်ရွက်ခဲ့တာကို လေ့လာသိရှိရပါတယ်။
ဒါ့အပြင် အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေးအတွက် ၂၀၀၇ ခုနှစ်က နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာ (Sup-plementary Understanding- SU) ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်က အဓမ္မခိုင်းစေမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ (Joint Strategy for the Eradication of Forced Labour by 2015) ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၁၂ ခုနှစ်မှာလည်းကောင်း ထပ်မံလက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်ခဲ့ရာ ILO အနေနဲ့ COI ရဲ့ အကြံပြုတိုက်တွန်းချက်တွေအပေါ် မြန်မာနိုင်ငံက လိုက်နာအကောင်အထည်ဖော်မှုကို ကျေနပ်ဖွယ်ရာ တွေ့ရှိရတဲ့အတွက် ၂၀၁၂ ခုနှစ် (၁၀၁) ကြိမ်မြောက် နဲ့ ၂၀၁၃ ခုနှစ် (၁၀၂) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွေမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးခဲ့ပါတယ်။
ယခုတစ်ခါ မြန်မာနိုင်ငံက ILO ရဲ့ ပြဋ္ဌာန်းချက် အမှတ် (၂၉) နဲ့ (၈၇) တို့ကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်း စစ်ဆေးရေးကော်မရှင် (Commission of Inquiry-COI) ကို ၂၀၂၂ ခုနှစ်မှာ ဖွဲ့စည်းပြီး ILO ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းအပိုဒ် ၃၃ ကို ကျင့်သုံးကာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမယ့် ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်းဟာ ILO ရဲ့နှစ်ပေါင်း ၁၀၀ အတွင်း သမိုင်းတစ်လျှောက်မှာ မြန်မာနိုင်ငံ အပေါ် ဒုတိယအကြိမ် အလုပ်သမားအရေးကို အကြောင်းပြုလို့ နိုင်ငံရေးအရ ဖိအားပေးဖို့အတွက် ILO ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း အပိုဒ် ၃၃ ကို ထပ်မံ ကျင့်သုံးဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်ဆိုတာ တွေ့ရှိ လာရပါတယ်။
ILO ရဲ့ ပြဋ္ဌာန်းချက်အမှတ် (၂၉) ကို လိုက်နာ ဆောင်ရွက်တဲ့အနေနဲ့ အဓမ္မခိုင်းစေမှု တိုင်ကြားချက်တွေကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism- NCM) ထူထောင်ပြီး ဖြေရှင်းနိုင်ဖို့အတွက် ၂၀၁၉ ခုနှစ်မှာ NCM ထူထောင်ရေးကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်က စတင်လို့ NCM က အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
ILO ရဲ့ ပြဋ္ဌာန်းချက်အမှတ် (၈၇) ကို လိုက်နာဆောင်ရွက်တဲ့အနေနဲ့ ၂၀၁၁ ခုနှစ်မှာ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ပြဋ္ဌာန်းပြီး အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခဲ့ရာမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အခြေခံအလုပ်သမား အဖွဲ့အစည်း ၂၈၃၃ ဖွဲ့၊ မြို့နယ်အလုပ်သမား အဖွဲ့ အစည်း ၁၅၈ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ကိုးဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ တစ်ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း တစ်ဖွဲ့၊ အလုပ်ရှင် အဖွဲ့ချုပ်တစ်ဖွဲ့ စုစုပေါင်း ၃၀၅၄ ဖွဲ့တို့ကို အသိ အမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့တဲ့အပြင် အလုပ် သမားဝန်ကြီးဌာနအနေနဲ့ သုံးပွင့်ဆိုင်ယန္တရား တိုးတက်စေရေး၊ လုပ်ငန်းခွင်ထိခိုက်မှုများမှ ကာကွယ်နိုင်ရေး၊ ကလေးအလုပ်သမားများ ပပျောက်စေရေး၊ လူမှုဖူလုံရေးစောင့်ရှောက်မှုများပေးနိုင်ရေးနဲ့ အလုပ်သမားများ အကျိုးအတွက် အခြားအလုပ်သမားရေးရာကိစ္စရပ်များ တိုးတက်ဖြစ်ထွန်းစေရေး ရည်ရွယ်ချက်တွေနဲ့ ဥပဒေ၊ နည်း ဥပဒေများပြဋ္ဌာန်းပြီး စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတာကို တွေ့မြင်ရပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို အလုပ်သမားများ လုပ်ငန်းခွင်အခွင့်အရေးများဆိုင်ရာ စံသတ်မှတ်ချက်နဲ့ အခြေခံစည်းမျဉ်း များမြှင့်တင်ရေး၊ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေဆိုင်ရာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးရေး၊ လူမှုကာကွယ်ရေးဆိုင်ရာ အကျုံးဝင်မှုနဲ့ ထိရောက်ကောင်းမွန်မှုကို မြှင့်တင်ရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းစေရေး စသည်တို့ကို အဓိကထားဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ILO အနေနဲ့ အလုပ်သမားအရေးကိစ္စတွေ တိုးတက်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်ရမှာ ဖြစ်ပေမယ့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်တဲ့ အပြုအမူတွေနဲ့ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ ဆောင်ရွက်တာဟာ မြန်မာ အလုပ်သမားထုကို အလုပ်အကိုင်ရှားပါးလာစေဖို့၊ လူကုန်ကူးခံရစေဖို့၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ စည်းရုံးမှုခံရစေဖို့၊ လိင်ကျေးကျွန်များဖြစ်စေဖို့၊ လက်နက်ကိုင်သောင်းကျန်းသူတွေကြီးစိုးရာဒေသတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာနေရာဒေသတွေကို သွားရောက်အလုပ်လုပ်ကိုင်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ တိုးတက်လာစေဖို့၊ လောင်းကစားလုပ်ငန်းတွေနဲ့ တရားမဝင်လုပ်ငန်းတွေ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်စေဖို့ လုပ်ဆောင်နေသလို ဖြစ်နေပါတော့တယ်။
ILO အနေနဲ့ မြန်မာနိုင်ငံကို အခြားအဖွဲ့ဝင်နိုင်ငံတွေနည်းတူတန်းတူထား ဆက်ဆံခြင်းမရှိဘဲ ILO ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း အပိုဒ် ၃၃ ကို ကျင့်သုံးပြီး မြန်မာနိုင်ငံအပေါ် အရေးယူမယ့်ဆုံးဖြတ်ချက် အဆို(မူကြမ်း) အား ILO ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးကို တင်သွင်းဖို့ ဆုံးဖြတ်မှုဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း တန်းတူဆက်ဆံမှု မပြုခြင်းဖြစ်တဲ့အတွက် ILO အနေနဲ့ အလုပ်သမားထုရဲ့ကောင်းကျိုးကို မျှော်ကိုးပြီး အပြု သဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေကိုသာ လုပ်ဆောင်ပေးသင့်တယ်လို့ လေ့လာသုံးသပ်တင်ပြ လိုက်ရပါတယ်။