မန္တလေး ဒီဇင်ဘာ ၁၃
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၈) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မရှိမဖြစ် လိုအပ်သည့်အတွက် ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်အကျိုး သယ်ပိုးမည့် အနာဂတ် နိုင်ငံ့သားကောင်း ရတနာများကို ပြုစုပျိုးထောင်ပေးနေသော ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းကရရှိခဲ့သည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ ကျောင်းသား၊ လူငယ်များကို နည်းမှန်လမ်းမှန် စနစ်တကျ ပျိုးထောင်နိုင်ကြပြီး ကိုယ်တိုင်လည်း နည်းပညာအသစ်အဆန်းများကို ဆက်လက်ဆည်းပူးကြရန် မှာကြားလိုကြောင်း” ပြောကြားသည်။
သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၇၈ ဦး၊ သင်တန်းသူ ၂၉၇ ဦး စုစုပေါင်း ၃၇၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


