မန္တလေး ဒီဇင်ဘာ ၁၃

 

Hass ထောပတ်သီးများကို ပြည်ပတင်ပို့နိုင်မှု နည်းပါးပြီး ပြည်တွင်းဈေးကွက်တွင် အဓိကထားရောင်းချနေခြင်းကြောင့် ယခင်နှစ်ကထက် ထက်ဝက်ခန့် ဈေးကျဆင်းလာကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရာင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“ပြည်ပအထွက်နည်းတော့ ပြည်တွင်းဈေးကွက်မှာပဲ စုပုံနေတယ်။ နောက်ပြီး ဒီအချိန်မှာ ဒေသအနှံ့အပြား ထွက်ရှိနေတာရယ်၊ ပြည်တွင်းဈေးကွက်ကိုပဲ စုပြုံဝင်ရောက်လာတာကြောင့် ဈေးကျသွားတယ်။ အရင်နှစ်က ဈေးနဲ့ယှဉ်ရင် ထက်ဝက်လောက် ဈေးကျတယ်။ ဈေးကျတော့ စားသုံးသူများလာပြီး Hass ထောပတ်သီးအရသာနဲ့ အဟာရတန်ဖိုးကို သိသူများလာတာပေါ့”ဟု ၎င်းကပြောသည်။

 

လက်ရှိတွင် Hass အမျိုးအစား ထောပတ်သီးများ ပေါများစွာထွက်ရှိနေပြီး ပြည်ပတင်ပို့မှုနည်းပါးသဖြင့် ပြည်တွင်းဈေးကွက်တွင် လက်လီလက်ကား ရောင်းချနေကြောင်း၊ လက်ကားဈေးကွက်တွင် ပုံမှန်အသီးဆိုပါက တစ်ကီလိုလျှင် ၂၅၀၀-၃၀၀၀ ကျပ်နှင့် A Grade, B Grade အသီးများမှာ တစ်ကီလိုလျှင် ၅၀၀၀-၆၀၀၀ ကျပ်ဝန်းကျင် ရောင်းချနေရကြောင်း သိရသည်။

 

“လက်လီသမားတွေကတော့ သယ်ယူစရိတ်ကြီးလို့ လက်ကားဈေးထက် နှစ်ဆလောက်တင်ပြီး ရောင်းကြမှာပဲ။ ဒီနှစ် ထောပတ်သီးစိုက်ရာသီမှာ မိုးများတာရယ်၊ သွင်းအားစုဈေးနှုန်းတွေ မြင့်တာရယ်ကြောင့် စိုက်ပျိုးရာမှာ သွင်းအားစုတွေ လျှော့သုံးကြတယ်။ အဲဒီတော့ အထွက်နှုန်းကျဆင်းသလို အသီးမအောင်တော့ဘူး။ မအောင်တဲ့ အသီးတွေကို Baby Hass ဆိုပြီး ဈေးကွက်မှာ ရောင်းကြတယ်”ဟု ဆက်လက်ပြောကြားသည်။

 

ယခုအချိန်တွင် အခြားထောပတ်သီး အမျိုးအစားများ မရှိတော့ဘဲ Hass ထောပတ်သီးတစ်မျိုးတည်းသာ ထွက်ရှိပြီး ပြည်ပတင်ပို့ရန်မှာလည်း သယ်ယူစရိတ်ကြီးမြင့်ခြင်းနှင့် အခြားအကြောင်းများကြောင့် ပြည်တွင်းဈေးကွက်ကို အဓိကထား ရောင်းချနေကြရာ ယခင်နှစ်ထက် ဈေးကျဆင်းလာသည်ဟု ဆိုသည်။

 

မောင်အေးချမ်း