၇  မတ်

 

ကမ္ဘာအရပ်ရပ်ရှိ ပင်လယ်နှင့် သမုဒ္ဒရာရေပြင်များ၊ ပင်လယ်ကမ်းရိုးတန်း ရေတိမ်ပိုင်းနေရာများနှင့် ပင်လယ်ကမ်းစပ်တို့တွင် အချိန်နှင့်အမျှ ဆိုသလိုပင် လှိုင်းအမျိုးမျိုး ဖြစ်ပေါ်လျက် ရှိနေသည်။ သာမန်အားဖြင့် အမြဲလိုလို တွေ့မြင်နေကျဖြစ်သည့် လှိုင်းအိကလေးများကို လူအများက သတိပြုမိလေ့ မရှိကြသော်လည်း အတန်အသင့်ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် လှိုင်းဂယက်များ ထကြွဖြစ်ပေါ်လာသည့်အခါမျိုး၌မူ ကမ်းခြေဒေသများ၌ နေထိုင်သူတို့က သတိပြုအလေးထားကာ စောင့်ကြည့်လေ့ရှိကြသည်။

 

ပင်လယ်ကမ်းစပ်များ၌ ဖြစ်ပေါ်နေသော အသေးစားလှိုင်းများကို ပင်လယ်ကမ်းရိုးတန်း ရေတိမ်ပိုင်း၌ ခုတ်မောင်း သွားလာနေကြသော သင်္ဘောများအဖို့ ဂရုပြုအရေးစိုက်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ လှိုင်းအသေး စားကလေးများသည် ပင်လယ်ရေပြင်၌ ခုတ်မောင်း သွားလာနေကြသော သင်္ဘော များအတွက် ဘေးအ္တရာယ် မရှိသောကြောင့်ပင် ဖြစ်သည်။ သို့ရာ တွင် ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် တစ်နည်းဆိုရသော် လေပြင်းတိုက်ခတ်နှုန်း မြင့်မားမှုကြောင့် ပင်လယ်ရေပြင်၌ လှိုင်းတံပိုးများ ဖြစ်ပေါ်လာခဲ့လျှင်မူ၊ သင်္ဘောသား အားလုံးတို့အနေဖြင့် နိုးနိုးကြားကြား လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့သည်။ အကြောင်းမူကား... ထိုလှိုင်းတံပိုးများအတွင်း၌ သင်္ဘောကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်ခြင်း မပြုနိုင်ပါက ပင်လယ်ရေပြင်အတွင်း ချွတ်ချော်တိမ်းမှောက်ကာ နစ်မြုပ်သွားနိုင်သောကြောင့်ပင် ဖြစ်သည်။

 

နည်းလမ်းမျိုးစုံ

 

အကယ်၍ မုန်တိုင်းတိုက်ခတ် ရွေ့လျားမှုကြောင့် ဧရာမလှိုင်းတံပိုးကြီးများ ဖြစ်ပေါ်လာခဲ့လျှင်မူ သင်္ဘောနှင့်လှိုင်းတို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရသည့် အဖြစ်မျိုးသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။ သင်္ဘောသားတို့ကလည်း စစ်ပွဲကြီး တစ်ရပ်သဖွယ် ရုန်းကန်လှုပ်ရှားလျက် သင်္ဘောဝမ်းဗိုက်အောက်သို့ လှိုင်းတံပိုးကြီး များက ဝပ်တွားခယ ခေါင်းလျှို ဝင်သွားရလေအောင် ရှိသမျှသော နည်းလမ်းမျိုးစုံဖြင့်တွန်းလှန် ဖြိုလှဲပစ်ကြရသည်။ ခေတ်မီ စက်ကိရိယာများဖြင့် အဆင့်မြင့်မြင့် တည်ဆောက်ထားကြသည့် သင်္ဘောကြီးများပေါ်၌ လိုက်ပါလာသော သင်္ဘောသားတို့၏ ကျွမ်းကျင်မှုနှင့် ဇွဲလုံ့လ တို့ကို ပေါင်းစပ် တွန်းလှန်လိုက်ခြင်းဖြင့် လှိုင်းတံပိုးကြီးများနှင့် ကြုံတွေ့ကြရသည့်အကြိမ်ရေ အများစုတို့တွင် သင်္ဘောသားတို့ကသာ အနိုင်ရလေ့ ရှိကြသည်။ သို့ရာ တွင် တစ်ခါတစ်ရံ၌မူ လှိုင်းတံပိုးကြီးများကို အနိုင်ယူနိုင်ရန်အတွက် ခုခံတွန်းလှန်ရင်း သင်္ဘောကလှိုင်းကို အရှုံးပေးရကာ လှိုင်းတံပိုးအောက်သို့ သင်္ဘောရောက်ရှိသွားပြီး နစ်မြုပ်ခဲ့ကြရသည် များလည်း ရှိခဲ့သည်။

 

သမုဒ္ဒရာနှင့် ပင်လယ်ကြီးများသည် အပြောကျယ်လွန်းလှသည့်အတွက် ခေတ်သစ်သိပ္ပံပညာရပ် မျိုးစုံတို့ဖြင့် စူးစမ်းရှာဖွေ ဖော်ထုတ်လျက် ရှိနေကြသည့်တိုင်ယင်းတို့၏ နက်နဲလှသည့် သဘောသဘာဝတို့ကို အကုန်အစင် မသိရှိနိုင်ကြသေးပေ။ သမုဒ္ဒရာနှင့် ပင်လယ်တို့၏ လျှို့ဝှက်နက်နဲသော သဘောသဘာဝများကြောင့်ပင် နှောင်းအတိတ် ကာလများက ပင်လယ်ရေကြောင်းသွား သင်္ဘောသားများနှင့် ပင်လယ်ကမ်းခြေ ဒေသများ၌အခြေချ နေထိုင်သူများကို ဒဏ္ဍာရီဆန်သော ယုံကြည်မှုများဖြင့် သက်ဝင်စွဲလမ်းစေခဲ့သည်။

 

အုပ်စုခွဲခြား

 

သိပ္ပံပညာ တိုးတက်ထွန်းကားသော ခေတ်သစ်ကာလသို့ ရောက်ရှိလာသည့်အခါ သမုဒ္ဒရာနှင့် ပင်လယ်ပြင်ကြီးများ၌ ဖြစ်ပေါ်သော လှိုင်းအမျိုးမျိုးတို့သည် လေတိုက်ခတ်မှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းရင်းများစွာ ရှိနေသည်ကို ရှာဖွေတွေ့ရှိလာကြသည်။ လေတိုက်ခတ်မှုနှင့် လေတိုက်ခတ်ပုံအမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများ၊ မုန်တိုင်းတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာသော မုန်တိုင်းလှိုင်းများ၊ ရေပြင်အောက်၌ ပေါ်ပေါက်လေ့ရှိသော ရေအောက်လှိုင်းများ၊ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ငလျင်လှိုင်းများ၊ ငလျင်ကြောင့် ရေအောက်ကြမ်းပြင် အက်ကွဲရာမှ ဖြစ်ပေါ်လာသော ဆူနာမီလှိုင်းများ စသည်ဖြင့် အုပ်စုခွဲခြား ဖော်ထုတ်နိုင်ခဲ့ကြသည်။

 

မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်ရသော လှိုင်းဖြစ်စေ...လှိုင်း၏ပုံစံကိုအောက်ပါ အခြေခံ အချက်အလက်များဖြင့် ခွဲခြား သတ်မှတ်နိုင်သည်။

 

(က) လှိုင်း၏အလျား

 

( ခ )လှိုင်းထိပ်အကွာအဝေး

 

( ဂ ) လှိုင်း၏အမြင့်

 

(ဃ) လှိုင်း၏ရွေ့လျားအမြန်နှုန်း

 

( င ) လှိုင်းဖြစ်ပေါ်မှုအချိန်အတိုင်းအတာ

 

လှိုင်း၏အလျားဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော လှိုင်းအစုအဝေးကြီး၏ အစွန်းနှစ်ဖက်ကြား အကွာအဝေးဖြစ်သည်။ ဥပမာ...ဆူနာမီလှိုင်းတံပိုးကြီးများ ဖြစ်ပေါ်သည့်အခါ ယေဘုယျအားဖြင့် လှိုင်းအလျားသည် ကီလိုမီတာ ၁၀ဝ ခန့်အထိ ရှိနေတတ်သည်။ ထိုအတိုင်းအတာသည် နေပြည်တော်မြို့မှ ရမည်းသင်းမြို့အလွန် ပျော်ဘွယ်မြို့အနီးခန့် အထိပင်ဖြစ်သည်။

 

အကြောင်းတစ်စုံတစ်ရာကြောင့် လှိုင်းဖြစ်ပေါ်သည့်အခါ ကျပ်လျက်ရှိသော လှိုင်းနှစ်ခု၏ထိပ်များအကြား အတိုင်းအတာသည် လှိုင်းထိပ်အကွာအဝေးပင် ဖြစ်သည်။ လှိုင်းတစ်လုံးနှင့် တစ်လုံးအကြား ချိုင့်ဝင်နေသည့် အနိမ့်ဆုံးနေရာနှင့် လှိုင်းထိပ်ကြား အကွာအဝေးကို လှိုင်း၏အမြင့်ဟု သတ်မှတ်သည်။ လှိုင်းလုံးတစ်ခု၏ ရွေ့လျားသည့်နှုန်းမှာ လှိုင်း၏အမြန်နှုန်းဖြစ်ပြီး လှိုင်းစတင်ဖြစ်ပေါ်ချိန်မှ လှိုင်းများငြိမ်သက်သွားသည်အထိ ကြားကာလသည် လှိုင်းဖြစ်ပေါ်မှု အချိန်အတိုင်းအတာပင်ဖြစ်သည်။

 

ပျောက်ကွယ်

 

ပင်လယ်နှင့် သမုဒ္ဒရာရေပြင်များ၌ ဖြစ်ပေါ်လေ့ရှိသော လှိုင်းအမျိုးမျိုးတို့သည်ဦးတည်ရွေ့လျားရာ အရပ်မျက်နှာ မတူကြသော်လည်း အားလုံးကမူ ကမ်းခြေတစ်ခုခုဆီသို့ ဦးတည်ကြစမြဲ ဖြစ်သည်။ တစ်ခါတစ်ရံ၌မူ အရပ်မျက်နှာတစ်ခုခုရှိ ကမ်းခြေ တစ်ခုသို့ ဦးတည်ရွေ့လျားနေရင်း လမ်းခုလပ်တွင် အင်အားပိုမိုကြီးမားပြီး ဦးတည်ရာ မတူသည့် အခြားသောလှိုင်းများနှင့် ထိပ်တိုက်တွေ့ဆုံကာ မူလ ဦးတည်ရာ သို့မရောက်ရှိတော့ဘဲ ပျောက်ကွယ်သွားလေ့ ရှိကြသည်။ ကမ်းခြေများဆီသို့ ဦးတည်ရွေ့လျား ရောက်ရှိလာသော လှိုင်းများသည် ပင်လယ်ကမ်းနဖူးနှင့် ကမ်းခြေသဲသောင်ပြင်များကို ထောင့်မှန်ကျကျ သို့တည်းမဟုတ်ထောင့်မှန်အနေအထား နီးပါးမျှဖြင့် ရိုက်ပုတ်လေ့ ရှိကြသည်။ လှိုင်းတို့ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး ရှိနေပါက ထိုအတားအဆီးများကိုအနည်းနှင့်အများ ဆိုသလို တွန်းတိုက် ဖျက်ဆီးခဲ့ကြသည်။ ထို့အတူပင် ကမ်းခြေသို့ ဆိုက်ရောက်လာသော လှိုင်းတို့ကလည်း ပင်လယ်ကမ်းနဖူးနှင့် ကမ်းခြေသဲသောင်များကို တအိအိ တတိတိဖြင့် တိုက်စားဖျက်ဆီးလျက် ရှိနေကြသည်။

 

လှိုင်းထိပ် တစ်ခုနှင့်တစ်ခုအကြား အကွာအဝေး ကြီးမားနေခြင်းသည် လှိုင်းလုံးကြီး မြင့်မားသောကြောင့် ဖြစ်သည်။ တစ်နည်းဆိုရသော် လှိုင်းကပို၍မြင့်လေ...လှိုင်းထိပ် တစ်ခုနှင့်တစ်ခုအကြား ပို၍ဝေးကွာလေ ဖြစ်သည်။ ကျယ်ဝန်း ပြန့်ပြူး သော သမုဒ္ဒရာနှင့် ပင်လယ်ပြင်များ၌ ဧရာမလှိုင်းလုံးကြီးများ ပေါ်ပေါက်နိုင်သော်လည်း ကမ်းခြေများနှင့်နီးကပ်သည့် ပင်လယ်ကွေ့များ၊ ပင်လယ်အော်များ၌မူကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်မလာနိုင်ပေ။

 

မိုးသည်းထန်စွာ ရွာသွန်းနေသည့်အခါမျိုး၌ လည်းကောင်း၊ ဆီးနှင်းမိုးများ ပမာဏကြီးမားစွာ ရွာချနေသည့်အခါမျိုး၌ လည်းကောင်း ကြီးမားသော လှိုင်းတံပိုးကြီးများ ဖြစ်ပေါ်ထကြွလာရန် အခွင့်အလမ်းက သိသိသာသာ လျော့နည်းသွား သည်။ မည်သည့်အကြောင်းကြောင့် လှိုင်းထန်သည် ဖြစ်စေ...အပြောကျယ်လှသော ရေပြင်တို့၏ သဘောသဘာဝအရ ရေပြင်၏ အပေါ်ယံ၌သာ ဂယက်ထစေပြီး လှိုင်းထိပ်နှစ်ခု၏ အကွာအဝေးတမျှရှိသည့် ရေမျက်နှာပြင်အောက် ရေထုလွှာအတွင်း၌ မူရေပြင်ပေါ်၌ ထကြွလှုပ်ရှားသည့် အတိုင်းအဆအောက် အဆပေါင်းရာနှင့်ချီ၍ လျော့ကျသွားသည်။ တစ်နည်းဆိုရသော် ရေမျက်နှာပြင်ပေါ်၌ လှိုင်းထန်ပြီး ဂယက်ထနေချိန်တွင် ရေပြင်အောက်၌မူ ထကြွလှုပ်ရှားမှုက မရှိသလောက်ပင်ဖြစ်သည်။

 

သမုဒ္ဒရာ နှင့် ပင်လယ်ပြင်တို့အပေါ်မှလေက ဖြတ်သန်းတိုက်ခတ်သွားသည့်အခါ လေတိုက်နှုန်း နည်းပါးနေချိန်၌ လှိုင်းအသင့်အတင့်သာ ဖြစ်ပေါ်ပြီး လေတိုက်နှုန်း မြင့်လာသည့်နှင့်အမျှ လှိုင်းလုံး၏ အရွယ်အစားက ပို၍ ကြီးမားလာသည်။ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးများ၌ ပုံမှန်လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းအမြင့်က ဆယ်ပေ ကျော်ကျော်မျှသာ မြင့်တက်နိုင်သော်လည်း လေတိုက်နှုန်းက သိသိသာသာ ပြင်းထန်လာသည့် အခါ၌မူ လှိုင်းလုံးကြီးများသည် ၂၅ ပေ မှ ပေ ၅၀ အထိပင် မြင့်တက်လာနိုင်သည်။

 

ပေါ်ပေါက်လာ

 

ကမ္ဘာ့မြောက်ခြမ်း၌ ကုန်းမြေထုပမာဏက ကြီးမားစွာ ရှိနေသော်လည်း ကမ္ဘာ့တောင်ခြမ်း၌မူ ကုန်းမြေထုပမာဏက နည်းပါးသည့် အားလျော်စွာ...ကုန်းမြေထုအကာအကွယ် နည်းပါးသည့် တောင်ပိုင်းသမုဒ္ဒရာများတွင် ဧရာမလှိုင်းလုံးကြီးများ မကြာခဏဆိုသလို ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့ကြောင့်ပင် တောင်အာဖရိက ဒေသအနီးရှိ ဂွတ်ဟုပ်အငူ တစ်ဝိုက်တွင် ပေ ၁၀ဝ ခန့်အထိ မြင့်မားသော စူပါလှိုင်းလုံးကြီးများ ပေါ်ပေါက်လာတတ်ခြင်း ဖြစ်သည်။

 

၁၉၃၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းမှ ထွက်ခွာပြီး ဆန်ဒီယေဂိုသို့ဦးတည်ခုတ်မောင်းခဲ့သည့် သင်္ဘောတစ်စင်းသည် လမ်းခရီးတွင်တစ်နာရီလျှင် ကီလိုမီတာ ၁၀ဝ နှုန်းနီးပါး တိုက်ခတ်နေသော မုန်တိုင်းလေပြင်းကြောင့် ၁၁၂ ပေမြင့်သော ဧရာမလှိုင်းလုံးကြီးများအကြား၌ ခုနစ်ရက်တိုင်တိုင် သက်စွန့်ဆံဖျား ဖြတ်သန်းခဲ့ရသည်။ သင်္ဘောသားများ၏ မလျှော့သော ဇွဲလုံ့လနှင့် သတ္တိတို့ကြောင့် ဘေးမသီရန်မခဘဲ ဆန်ဒီယေဂိုသို့ ဆိုက်ကပ်နိုင်ခဲ့သည်။

 

လေပြင်းနှင့် မုန်တိုင်းကြီးများကြောင့် သမုဒ္ဒရာရေပြင်ပေါ်၌ ထကြွဖြစ်ပေါ်လာသော ဧရာမ လှိုင်းလုံးကြီးများသည် အကယ်စင်စစ်အားဖြင့် ကြောက်စရာအကောင်းဆုံးသော လှိုင်းတံပိုးကြီးများ မဟုတ်သေးပေ။ ထို့ထက် ကြောက်မက်ဖွယ်ကောင်းသော မရဏလှိုင်းလုံးကြီးများမှာ သမုဒ္ဒရာ ရေပြင်အောက် ၆ ဒသမ ၅ ကီလိုမီတာမျှ နက်သောရေလွှာထု၌ ဖြစ်ပေါ်လာတတ်သည့် ပေ ၃၀ဝ ခန့် မြင့်မားသော ရေအောက် လှိုင်းလုံးကြီးများပင် ဖြစ်သည်။

 

ထိုမရဏ လှိုင်းလုံးကြီးများ၏ အရွယ်အစားမှာ သမုဒ္ဒရာရေပြင်ပေါ်၌ ပေါ်ပေါက်လာတတ်သည့် အကြီးမားဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံးသော လှိုင်းလုံးကြီးများဟု သင်္ဘောသားများက သတ်မှတ်ထားကြသော ဧရာမ လှိုင်းလုံးကြီးများထက်ပင် သုံးဆခန့် မြင့်မားကြီးထွားလျက် ရှိနေသည်။ ၁၉၀ဝ ပြည့်နှစ် ကတည်းကပင် စကင်ဒီနေဗီးယန်း သိပ္ပံသုတေသီတို့က ထိုသို့သော ရေအောက်လှိုင်းလုံးကြီးများ ရှိနေသည်ကို ထုတ်ဖော် ကြေညာခဲ့ကြသည်။

 

သိပ္ပံစာရေးဆရာကိုကိုအောင်