ဘားအံ ဒီဇင်ဘာ ၁၃

 

ကရင်ပြည်နယ်၊ ဘားအံမြို့၏ သမိုင်းဝင်အထင်ကရ ကျောက်ကလပ်စေတီတော် ပရိဝုဏ်ကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် စတင်သတ်မှတ်ခဲ့သည်။

 

အခမ်းအနားတွင် ကျောက်ကလပ်ဆရာတော် ဘဒ္ဒန္တဝိမလ၊ ပြည်နယ်ဝန်ကြီးချုပ် ဦး‌စောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရဝန်ကြီးများက ဆေးလိပ်ငွေ့ကင်းစင် ကျောက်ကလပ်စေတီတော် ပရိဝုဏ်တစ်ခွင် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ကျောက်ကလပ်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် ဆေးလိပ်ငွေ့ ကင်းစင် ကျောက်ကလပ်စေတီတော် ပရိဝုဏ်တစ်ခွင် ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကာ ကျောက်ကလပ်ဘေးမဲ့ရေကန်ရှိ သဘာဝငါးများကို ငါးစာများ ကျွေးခဲ့ကြသည်။

           

စောမျိုးမင်းသိန်း(ပြန်/ဆက်)