နေပြည်တော် ဒီဇင်ဘာ ၁၃

 

နေပြည်တော်၊ ဇေယျာသီရိခရိုင်တရားရုံး အဆောက်အအုံသစ် ဖွင့်ပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါရုံးနေရာ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယမြို့တော်ဝန်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းဒေသကြီး တရားရေးဦးစီးမှူးတို့ တက်ရောက်ကြသည်။

 

ဦးစွာ အဆောက်အအုံသစ်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထိန်လင်းဦးနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးက ဇေယျာသီရိခရိုင် တရားရုံး အဆောက်အအုံသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယမြို့တော်ဝန်နှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

ဇေယျာသီရိခရိုင်တရားရုံးသည် ပုဗ္ဗသီရိမြို့နယ်၊ ချင်းတွင်းလမ်းပေါ်တွင် တည်ရှိပြီး အလျား ပေ ၂၀၀၊ အနံ ပေ ၁၄၀ အကျယ်အဝန်းရှိသည့် သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဘဏ္ဍာရန်ပုံငွေ ကျပ် ၃၆၇၅ သန်း ဖြင့် ဇွဲမာန်ဟုန်ကုမ္ပဏီ လီမိတက်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

သတင်းစဉ်